ခရီးသွားလာရေး စက်မှုဇုံပြည် (Tourism Industrial State)

0

ဆလိုင်းကိုင်ဆီး

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့၊ တိုင်ပင်ဆွေးနွေးခဲ့ဖူးတာ ရှိပါတယ်။ ကျွန်တော် Tourism Studies မတက်ခင်တုန်းက တော့ စိတ်ထဲအမြင်ထဲမှာ ခုလို မပေါ်လာမိတာ အမှန်ပါပဲ။ ယနေ့ခေတ် နိုင်ငံတကာရဲ့ တိုင်းပြည်တွေဟာ ပုံစံအမျိုးမျိုး၊ အသွင် အဖုံဖုံ လုပ်ယူပြီး တိုင်းပြည်တိုးတက်ရေး၊ လူနေမှုအဆင့် အတန်းမြင့်မားရေးနဲ့ စားဝတ်နေရေးအတွက် မြှင့်တင်ဆောင်ရွက် နေကြပါတယ်။

အရှေ့တောင်အာရှမှာဆို ဖိလိပိုင်နိုင်ငံဟာ ကုန်ထုတ်စွမ်းအား၊ သယံဇာတထွက်ရှိမှု အရင်းအမြစ် မရှိတော့ပါဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် စီးပွားဖြစ် လုပ်ငန်းတွေ လုပ်ယူကြရပါတယ်။ သူတို့ရဲ့ အဓိက စီးပွားရေး ထုတ်ကုန်ကတော့ ပညာရေးပါပဲ။ သူ့နိုင်ငံရဲ့ ကောင်းမွန်တဲ့ ပညာရေးမြှင့်တင်မှုစနစ်ကြောင့် နိုင်ငံတကာကနေ ဖိလိပိုင်နိုင်ငံကို ပညာသင်လာတဲ့ ကျောင်းသား ဦးရေဟာ သိန်းဂဏန်းခန့် ရှိပါတယ်။ နောက်ပြီး ပညာတတ်ဘွဲ့ရသူ သူ့နိုင်ငံသားတွေကို နိုင်ငံခြားပို့ကုန်အဖြစ် ဖန်တီးကာ နိုင်ငံ့ဝင်ငွေရှာရတာကို တွေ့ရတယ်။ အိန္ဒိယလို လူဦးရေသန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ နိုင်ငံကျတော့ ပညာရေးကို အခြေခံတဲ့ IT လုပ်ငန်းနဲ့ ကမ္ဘာကို ထိုးဖောက်နိုင်အောင် စွမ်းဆောင်ပေးတယ်။ အထက်မှာ ဖော်ပြတဲ့ ဖိလိပိုင်နဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ ခရီးသွားလာ ရေးလုပ်ငန်း (Tourism) ကို တွင်ကျယ်စွာ လုပ်လာတာကိုလည်း တွေ့ရပါလိမ့်မယ်။

ဒီ့အပြင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ စစ်ငွေ့ဒဏ်ခံခဲ့ရတဲ့ နိုင်ငံတွေဟာ အခုဆိုရင် အရှေ့တောင်အာရှရဲ့ tourist စင်တာ ဖြစ်လာပါပြီ။ မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာ ခရီးသွားလုပ်ငန်းကို အစပျိုးလာတာကို နိုင်ငံရဲ့ဟိုတယ်နဲ့ ခရီးသွားလာရေးရဲ့ မှတ်တမ်းမှတ်ရာတွေအရ သိရှိရပါတယ်။ အဲ့ဒါတောင်မှ နိုင်ငံရဲ့ အုပ်ချုပ်မှုယန္တယား ချွတ်ချော်မှုတွေကြောင့် နိုင်ငံခြားဧည့်သည် တွေသာမက ပြည်တွင်းဧည့်သည်တွေကိုပါ ကန့်သတ်ထားနေဆဲပါ။ ပြည်တွင်းနှင့်ပြည်ပ (International & Domestic) ခရီးသွားတွေ ဆွဲဆောင်နိုင်တဲ့ Tourist spot တွေ မြန်မာပြည်မှာ အင်မတန်မှ ပေါလှပါတယ်။ ဒါပေမယ့် ဗဟိုအုပ်ချုပ်ရေးစနစ် ကိုသာ စွဲကိုင်ထာတဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာ တိုင်းရင်းသားပြည်နယ် အတော်များများဟာ လျစ်လျူရှုခံနေတာ တွေ့ရတယ်။ တနည်းပြောရရင် ဗုဒ္ဓဘာသာကို အထူးပြု ကိုးကွယ်တဲ့နိုင်ငံဖြစ်လင့်ကစား ဗုဒ္ဓစေတီဘုရားတွေရှိတဲ့ နေရာတွေကိုသာ အလည်အပတ် သွားခွင့်ပြုနေတာ သတိထားမိကြပါလိမ့်မယ်။ ဒါဟာလည်း ဗမာ့နိုင်ငံရေး တစ်ခုပါပဲ။ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာမှ ချင်းပြည်ဟာ နောက်ဆုံးပိတ်ကပါ။ သို့သော်ငြားလည်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အရ သမ္မတဦးသိန်းစိန်ခေတ် ဦးအောင်မင်းတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦးတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ စာချွန်တွေ အများကြီးရှိတာ အားလုံးအသိပါ။ ၎င်းချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တွေထဲမှာ ချင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေး အထူးဇုန် ထူထောင်ရန်ဆိုတဲ့အချက် ပါရှိတာကို တွေ့ရပါတယ်။ အဲ့ဒီတော့ ဘာသယံဇာတမျှ မထွက်ရှိတဲ့ ချင်းပြည်မှာ ဘယ်လို စီးပွားရေးမျိုးကို အခြေခံပြီး အထူးဇုန် ထူထောင်ရမလဲ။ ဒီနေရာမှာ လုပ်ပိုင်ခွင့် အင်မတန်မှနည်းတဲ့ ပြည်နယ်အစိုးရကိစ္စကို (နောက်ပိုင်းမှာ ဖြစ်လာမယ့်ကိစ္စရပ်လို့ မှတ်ပြီး) ဘေးခဏချိတ်ကာ ကျွန်တော်ရဲ့ အမြင်လေးကို အနည်းငယ် မျှဝေချင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ စီးပွားရေးအထူးဇုံ ထူထောင်နိုင်အောင် ယခုချိန်မှာ အသင့်တော်ဆုံးအနေနဲ့ မြင်တာကတော့-

(၁) Tourism Industry (ခရီးသွားလာရေးလုပ်ငန်း)

(၂) အဆင့်မီ ပညာရေးစနစ်တို့ကို လုပ်ဆောင်သင့်ပါတယ်။

Tourism Industry အတွက် ပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ tourist spot တွေကို နေရာသတ်မှတ်ပေးရမယ်။ အဲ့ဒီအတွက် ပြည်တွင်းပြည်ပ အသိပညာ၊ အတတ်ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ဖိတ်ရမယ်။ ပြီးရင် အဆိုပါ tourist spot တွေတစ်ခုနဲ့တစ်ခု အလွယ်တကူ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းကို ဖန်တီးပေးရပါမယ်။ ချင်းပြည် မြောက်မှတောင်အထိ ရာသီ မရွေး သွားလာနိုင်မယ့် ဆက်သွယ်ပေးတဲ့ ကားလမ်းများ အရှေ့ဖက်ကလေး မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ပခုက္ကူ ကနေ အနောက်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မြောက်ဖက်မှာ မဏိပူရ်၊ မိုးရေးစသဖြင့် ချိတ်ဆက်သွယ်တဲ့ ကုန်းလမ်းတွေ ကောင်းဖို့လိုပါတယ်။ တောင်ဖက်မှာ စစ်တွေ၊ ကျောက်တော်မှ ပလက်ဝ လေ၊ ရေကြောင်းလမ်းများ ကောင်းမွန်ရပါမယ်။ အလားတူ အမြို့မြို့ အနယ်နယ်ရဲ့ သန့်ရှင်းသပ်ရပ်မှုတွေကို မြို့ပြအဆင့်မီ တိုးမြှင့်ဖို့လည်း လိုအပ်လာမယ်။

မြောက်ဖက်မှာ ရိဒ်ရေကန်၊ လေသာတောင်၊ ကနေဒီတောင်၊ ရှာလ်လုမ်းခံတပ် ဟာခါးမြို့ ရှုခင်းပြင်နဲ့ အခြားအထင်ကရ နေရာများ၊ တောင်ဖက်က ဝိတိုရိယ (ခေါ်) ခေါနူစွမ်တောင်၊ မောပီတောင် ဘုံတလာရေတခွန်၊ အွေစီသဘာဝရေအိုင်ကြီး၊ ကီမားမောင်း(ခေါ်) ကီမိုတောင်တို့ကို ချိတ်ဆက်ပေးမယ့် လမ်းကြောင်းတွေ လိုပါမယ်။ အဲ့ဒီ စိတ်ဝင်စားဖွယ် နေရာတွေမှာ ဒေသခံတွေရဲ့ သဘော တူညီမှုနဲ့ စနစ်ကျတဲ့ Hotel, Motel, Guest House, Restaurant တွေကို လိုအပ်သလို ဖြည့်ဆည်း ပေးရမယ်။

ထို့နည်းတူ မမေ့ကောင်းတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ချင်းလူမျိုးများနဲ့ သက်ဆိုင်တဲ့ သမိုင်းပြတိုက် Museum ပါပဲ။ သက်ဆိုင်ရာ မျိုးနွယ်စုတွေရဲ့ museum ကျတော့ မိမိမြို့၊ မိမိနယ်မြေအသီးသီးမှာ ထားရှိနိုင်သလို ချင်းတမျိုးသားလုံး နဲ့ သက်ဆိုင်တဲ့ ပြတိုက်တစ်ခုကိုတော့ တစ်နေရာမှာ စုစည်းထားရှိဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ခြင်းဟာလည်း သက်ဆိုင်ရာ အစိုးရရဲ့ ဝင်ငွေပါပဲ။ ဘုံတလာရေတံခွန်ရဲ့ အထက်မှာ ဘွန်ဗား (Bungva) လွင်ပြင်ကျယ် တစ်ခုရှိတယ်။ အဲဒီလွင်ပြင်မှာ လက်လုပ်ရေအိုင်ကြီး ဆောက်လုပ်လျက် ကြီးကျယ်လှပတဲ့ Resort တစ်ခုလည်း တည်ဆောက်နိုင်ပါတယ်။ ဘေးပတ်ပတ်လည် ကိုလည်း Sanctuary (ဘေးမဲ့တော)အဖြစ်ထားရှိပြီး သဘာဝ တောတိရိစ္ဆာန်တွေကို အဝေးကြည့် မှန်ပြောင်းများနဲ့ tourists တွေ ကောင်းမွန်စွာ ရှုစားနိုင်အောင် ဖန်းတီးလို့ ရတယ်။

ကျွန်တော်တိုရဲ့ ချင်းပြည်မှာ သယံဇာတမထွက်လို့ ဝင်ငွေနည်းသော်ငြားလည်း Tourism Industry ကိုသာ ဇောက်ချ လုပ်နိုင်ပါက ဒေသခံပြည်သူ ထောင်ပေါင်းများစွာရဲ့ အခြေခံ အလုပ်လက်မဲ့ပြသာနာကို ဖြေရှင်းပေးနိုင်သလို ပြည်သူတွေ အနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း အားစိုက်လာမှာဖြစ်ပြီး ဒေသထွက်စိုက်ပျိုးသီးနှံနဲ့ အသက်ဝမ်းကျောင်းနိုင်မှာ ဧကန်မလွဲပါဘူး။

Share.

About Author

Leave A Reply

*

code