ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်

0

by Pu Thomas Thang Nou

၁။ နိဒါန်းနှင့် ပညာရှင်များ၏ တွေးခေါ်ယူဆချက်များ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှaင့် ပတ်သက်၍ ကမ္ဘာဇာတ်ခုံပေါ်တွင် အချေအတင် ဆွေးနွေးနေကြဆဲဖြစ်ပြီး၊ အနက်အဓိပ္ပါယ် တိတိကျကျ မဖွင့်ဆိုနိုင်သေးပေ။ အပြည်ပြည်ဆိုင်ရာဥပဒေတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အဓိက အငြင်းပွားစေသည့် မေးခွန်း နှစ်ရပ်ရှိသည်။ ၎င်းတို့မှာ

(၁) လူနည်းစု ခွဲထွက်ရေးသမားများ၏ တောင်းဆိုခွင့်ကို အပြည်ပြည်ဆိုင်ရာဥပဒေအရ မည်သည့်အချိန်တွင် အထောက်အပံ့ ပေးနိုင်မည်နည်း။

(၂) နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးလှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မည်ကဲ့သို့ တားမြစ်ကာကွယ်နိုင်မည်နည်းဟူသော မေးခွန်းများဖြစ်သည်။

ဤတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သော်လည်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် သော်လည်း ကောင်း၊ ၎င်းတို့နှင့်အတူ ပါလာသော ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ပညာရှင်များအကြား တွေးခေါ်ယူဆချက် အမျိုးမျိုး ထွက်ပေါ်လာ သည်။

ဒေါက်တာဗင်းကက်အိုင်ယာ (Dr. Venkat Iyer) က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ခွဲထွက်ခြင်းဟု မဆိုနိုင်ပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခွဲထွက်ခွင့်တောင်းဆိုခြင်း မပြုဘဲ ရရှိနိုင်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအရ တောင်းဆိုမှုများမှ ပေါ်ပေါက်လာခြင်းဖြစ် သည်” ဟူ၍ ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များကို အားကိုးအားထားပြု၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆို၍ မရနိုင်ပါ။ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို နိုင်ငံရေးအရ တောင်းဆိုမှုပြုမှသာ ရရှိနိုင်မည်။

သို့သော် Janes Bay Grec ကမူ “ခွဲထွက်ခြင်း အခွင့်အရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ထုံးတမ်းတစ်ခု မဟုတ်ဟု အသိအမှတ်ပြုခြင်း” ကို ဆင်ခြေတက်ခဲ့သည်။

ပါမောက္ခ Maivan Clech Lam က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွင် ခွဲထွက်ခွင့် အခွင့်အရေးခွဲသည် အမြဲတမ်း ပါဝင်သော်လည်း မလွဲမသွေ တည်မြဲစေရန် မဟုတ်ပါ” ဟူ၍ ဖော်ပြထားသည်။

၂။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးပုံ ကျင့်သုံးနည်း

၁၉၇၀ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးနှင့် နိုင်ငံတကာဥပဒေ သဘော တရားကြေညာချက်တွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ အောက်ပါအချက် (၃) ချက် ဖြင့် ဖော်ပြထားသည်။

(၁) လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ တည်ထောင်ခြင်း

ပြည်နယ်တစ်ခုသည် သီးသန့်ခွဲထွက်၍ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ထူထောင်မည်ဆိုပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးနိုင်သည်။ ဥပမာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပါကိစ္စတန်နိုင်ငံမှ ခွဲထွက်ခြင်းမျိုး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေက အတိအကျရှိသော ပိုင်နက်နယ်မြေနှင့် အချုပ်အခြာ အာဏာပိုင် နိုင်ငံများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့် တောင်းခံခြင်းကို မထောက်ခံပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲနိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိပါးနိုင်သော ကြောင့် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ကို အသိအမှတ် ပြုရာတွင် –

(၁) ကုလသမဂ္ဂအဖွဲ့ဝင်များထဲတွင် ထိရောက်သော ဆန့်ကျင်ကန့်ကွက်မှုကို ထောက်ခံမည့် နိုင်ငံ မရှိခြင်း

(၂) နိုင်ငံသည် ကြီးမားသောအင်အားနှင့် သြဇာလွှမ်းမိုးမှုရှိနေသော ဒေသအတွင်း ရှိနေခြင်းဆိုသည့် အချက် (၂) ချက်ကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံက နိုင်ငံသစ်ကို ထောက်ခံပြီး၊ အမှန်မှာ နိုင်ငံသစ်သို့ ပြောင်းလဲလာအောင် လူနှင့် ပစ္စည်း (စစ်တပ်၊ စစ်အင်အား) ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဤကိစ္စသည် အလွန်အရေးပါအရာရောက်သည်။ ဤအကြောင်းကြောင့် မူလ ပါကိစ္စတန် နိုင်ငံသည် ပြိုကွဲခြင်းသို့ ဦးတည်စေခဲ့သည်။ အကြောင်းမှာ တတိယပါတီ (Third Party) က နှိုးဆော်ခြင်း၊ ပါဝင် ပတ်သက်ခြင်း မရှိသည့်အပြင် နောက်ဆုံး (၁၃) ရက် အတောအတွင်းမှအပ ပါဝင်ပတ်သက်ခြင်း မရှိခြင်းကြောင့် ဖြစ်သည်။

ပါတီတစ်ခုက အခြားတစ်ခုကို ဆန့်ကျင်မှုပြု၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကျိုးအကြောင်း တင်ပြဆွေးနွေးနေခဲ့လျှင် ဟိုမရောက် ဒီမရောက် ကျန်ရစ်မည်။ တတိယအင်အားစုဖက်မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ မူလအဓိပ္ပါယ်နှင့် လမ်းလွဲ၍ တာဝန်ယူခြင်းအားဖြင့် ကမ္ဘာ့လူ့ အဖွဲ့အစည်းကို ခြိမ်းခြောက်ရန် အကြောင်းမရှိ ဖြစ်သွားစေခဲ့သည်။

(၂) တည်ရှိနေသော အနည်းဆုံး နှစ်ပြည်နယ်အချင်းချင်း ပူးပေါင်း၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုခြင်း

နိုင်ငံတစ်ခုအတွင်း အနည်းဆုံး နှစ်ပြည်နယ်အချင်းချင်း ပူးပေါင်း၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုနိုင်သည်။ ထိုသို့တောင်းဆိုရာ တွင် နိုင်ငံမှ ခွဲထွက်ခွင့်မပါဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်သာ တောင်းဆိုနိုင်သည်။

(၃) လွတ်လပ်သော အရေးပေါ်အခြေအနေများကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုခြင်း

နိုင်ငံတစ်ခုအတွင်းရှိ ပြည်နယ်တစ်ခုသည် အခြားပြည်နယ်များနှင့် မပူးပေါင်းဘဲ နိုင်ငံအတွင်း သီးသန့်ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုနိုင်သည်။ ထိုသို့တောင်းဆိုရာတွင် ခွဲထွက်ခွင့်တောင်းဆိုခြင်းမဟုတ်ဘဲ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနိုင်သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ကို အောက်ပါ အရည်အချင်းများနှင်အညီ တောင်းဆိုနိုင်သည်။

(၁) ပြည်နယ်များ၏ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ သဘောတူညီချက်အရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုနိုင် သည်။

(၂) ပြည်နယ်တစ်ခုသည် ဗဟိုအစိုးရအနေဖြင့် အခြားပြည်နယ်များနည်းတူ ကိုယ်စားလှယ်တက်ရောက်အရေးဆိုခွင့် မပေးထား ပါက ခွဲထွက်ခွင့်ကို တောင်းဆိုခြင်း ပြုနိုင်သည်။ ပေးထားပါက ခွဲထွက်ခွင့် တောင်းဆိုခြင်း မပြုနိုင်ပေ။ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုပိုင်ခွင့်ရှိသည်။ အဓိကအရေးကြီးသည်မှာ တိုင်းပြည်၏ တည်နေရာနှင့် နယ်နိမိတ်အကျယ်အ၀န်းကို မထိခိုက်စေရန် ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခွဲထွက်ခွင့်အဖြစ် ကျင့်သုံးရာတွင် ကိုလိုနီနိုင်ငံလက်အောက်ခံ နယ်မြေများအဖြစ်မှ လွတ်မြောက် ရန် ကြိုးစားသည့်  နိုင်ငံများတွင်သာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် ခွဲထွက်ခြင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရန် ကြိုးစားသည့် နည်းလမ်းတစ်ခုဖြစ်ခဲ့သည်။

၃။ ခွဲထွက်ခွင့်

ခွဲထွက်ခွင့်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းနှင့်အညီ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံသစ် ထူထောင် ခြင်းဖြစ်သည်။ ခွဲထွက်ခွင့် တောင်းဆိုရာတွင်-

(၁) တောင်းဆိုသည့် ပြည်နယ်သည် အခြားသော ပြည်နယ်များနှင့် အခွင့်အရေးတန်းတူမရဘဲ ခွဲခြားဆက်ဆံခံရခြင်း။

(၂) သဘာဝသယံဇာတများကို အခြားပြည်နယ်များနည်းတူ ခွဲဝေသုံးစွဲမှုများမရရှိခြင်း စသည့်အချက်များအပေါ် မူတည်၍ ခွဲထွက်ခွင့်ကို တောင်းဆိုကြသည်။

ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ပညာရှင် Eide ၏ အယူအဆကို ဖော်ပြလိုပါသည်။ သူက ဒီမိုကရေစီ (သို့မဟုတ်) ပြည်တွင်းရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Internal Self-determination) မရှိသောကြောင့် ခွဲထွက်ခြင်းပါဝင်သော ပြည်ပရေးဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (External Self-determination) တောင်းဆိုမှု အရှိန်အဟုန်ပြင်းစွာ ဖြစ်စေသည်ဟု ဆိုသည်။ သူက ဆက်လက်၍ ဥပဒေနှင့်အညီ အလိုအလျောက်ခွဲ ထွက်နိုင်သော အရာ (၃) မျိုးကို အောက်ပါအတိုင်း ဖော်ပြထားသည်။

(၁) ကိုလိုနီဆိုင်ရာ လက်အောက်ခံအဖြစ် ထားရှိခြင်း

(၂) ၁၉၄၅ ခုနှစ်နောက်ပိုင်း နိုင်ငံခြားမှ သိမ်းပိုက်ခြင်း

(၃) U.S.S.R နှင့် Yugoslavia နိုင်ငံအတွင်း ပြဿနာတက်ခဲ့သကဲ့သို့ ဖက်ဒရယ်နိုင်ငံတစ်ခုအတွင်း ၎င်း၏ အစိတ်အပိုင်းများ ခွဲထွက်ရေး ရွေးချယ်နိုင်ခြင်းကို နဂိုကမှ ထားရှိခဲ့သော သီအိုရီအရ ထိန်းသိမ်းထားခဲ့သည့် နေရာများတွင် ခွဲထွက်ခွင့်ကို ဥပဒေအရ ကျင့်သုံးနိုင်သည်ဟု ဆိုသည်။

ပညာရှင်တစ်ဦးဖြစ်သူ Frederic Kirgis. Jr က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုခြင်းက တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ထိခိုက် စေနိုင်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုမည်ဆိုပါက တင်းမာမှုလျော့ နည်းစေမည်။ ခွဲထွက်ရေးကို တောင်းဆိုပါက အခြား ပြည်နယ်များ၏ တည်ငြိမ်မှုကိုပါ ထိခိုက်စေမည်။ ပြည်နယ်များနှင့် ဗဟိုအစိုးရအကြား ဒီမိုကရက်တစ်အစိုးရတရပ်အနေဖြင့် လိုက်နာကျင့်သုံးပါက ခွဲထွက်ခွင့်ကို မတောင်းဆိုသင့်ပေ။ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ တောင်းဆိုသင့်သည်။ သို့သော် အောက်ပါ အခြေအနေများတွင် ခွဲထွက်ခွင့်ကို တောင်းဆိုနိုင်သည်။ ၎င်းတို့မှာ –

(၁) ဒီမိုကရေစီအုပ်ချုပ်ရေးကို ဆန့်ကျင်သည့် စစ်အစိုးရ၊ တနည်းအားဖြင့် အာဏာရှင်အစိုးရ

(၂) သမိုင်းဆိုင်ရာအထောက်အထားများအရ ခိုင်မာသည့် အချက်အလက်များရှိခြင်း

(၃) အုပ်ချုပ်သူအစိုးရက ဖိနှိပ်ခြင်းစသည့်အချက်များဖြစ်ပါက ခွဲထွက်ခွင့် တောင်းဆိုနိုင်သည်။

ကျွမ်းကျင်သူ ပညာရှင်တစ်ဦးဖြစ်သူ Allen Buchanan က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ကို တောင်းဆိုရာတွင် လိုအပ်သည့် အချက်များကို အောက်ပါအတိုင်း ဖော်ပြထားသည်။

(၁) တရားမျှတမှုမရှိ၊ လူ့အခွင့်အရေး အလွန်အမင်းကျုးလွန် ဖောက်ဖျက်ခြင်းခံရလျှင် (အလွန်အမင်း လူ့အခွင့်အရေး ကျုးလွန် ဖောက်ဖျက်မှုတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပါဝင်သည်) ခွဲထွက်ခွင့် တောင်းဆိုနိုင်သည်။

အပြည်ပြည်ဆိုင်ရာဥပဒေတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းထားသော်လည်း ခွဲထွက်ခွင့်နှင့် ပတ်သက်၍ အဓိပ္ပါယ်ရှင်းလင်းခြင်း မရှိပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိသဖြင့် အချို့နိုင်ငံ များက ခွဲထွက်ခွင့်တောင်းဆိုခြင်းမှ နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ထားကြသည်။

International covenant on Economic, Social and Culture rights 1966. အပိုဒ် (၁) တွင် –

(၁) လူမျိုးအားလုံးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိကြသည်။ ဤအခွင့်အရေး ပိုင်ဆိုင်မှုနှင့်အညီ လူမျိုးတိုင်းတွင် မိမိတို့၏ နိုင်ငံရေး စနစ်ကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်ရှိကြပြီး မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများကို တိုးတက် ဖွံ့ဖြိုးရေးအတွက် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိကြသည်။

(၂) အပြန်အလှန် အကျိုးရှိမှုကို အခြေခံ၍ သော်လည်းကောင်း၊ နိုင်ငံတကာဥပဒေအရ သော်လည်းကောင်း ဆောင်ရွက်ရန် တာဝန်ရှိသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်ခြင်း မရှိပါက လူမျိုးအားလုံးတွင် မိမိတို့၏ အကျိုးစီးပွားအတွက် မိမိတို့ပိုင်ဆိုင်သော သယံဇာတများကို လွတ်လပ်စွာ စီမံသုံးစွဲပိုင်ခွင့် ရှိသည်။

(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရရှိသေးသည့် နယ်ပယ်များနှင့် အစောင့်အရှောက်ခံ နယ်ပယ်များ၏ အုပ်ချုပ်ရေးကို တာဝန်ယူထား ကြသော အစိုးရများအပါအ၀င် ဤစာချုပ်အဖွဲ့ဝင် နိုင်ငံအားလုံးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်ရန် တိုးမြင့် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ကုလသမဂ္ဂ ပဋိဥာည်စာတမ်းအရ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားကြရမည် ဟူ၍ ဖော်ပြထားသည်။

ဤစာချုပ်ပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပါယ်နှင့်ပတ်သက်၍ ယနေ့တိုင် အငြင်းပွားလျက်ရှိကြသည်။ ဤစာချုပ်ပါ အပိုဒ်- ၁ တွင် ဖော်ပြထားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက်၍ ခွဲထွက်ခြင်း မပြုလုပ်ရန် အိန္ဒိယနိုင်ငံသည် “နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေလျှင် ခွဲထွက်ခွင့် မရှိကြောင်း” ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံအတွင်း အချို့ပြည်နယ်များ ခွဲထွက်ခြင်းမှ ကာကွယ်ခြင်းဖြစ်သည်။

နိဂုံး

မြန်မာနိုင်ငံသည် (Multi- Nation- State) ခေါ် လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်ပြီး ကာလကြာရှည်စွာ အတူနေထိုင် လာခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံစာချုပ်အရ သဘောတူခဲ့ကြသော နိုင်ငံလည်း ဖြစ်သည်။ ထို့ကြောင့် ခွဲထွက်ခွင့်ပါသော ပြည်ပဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုရန် မသင့်ပေ။ ခွဲထွက်ခွင့်မပါသော ပြည်တွင်းဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုသင့်သည်။ သို့မဟုတ် ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးတစ်ခုဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုလျှင် အသင့်လျော်ဆုံး ဖြစ်သည်။ ပညာရှင်များ၏ တွေးခေါ်ယူဆချက်များအနက် ကျွန်ုပ်တို့ နိုင်ငံနှင့် အလိုက်ဖက်ဆုံး သီအိုရီကို တင်ပြလိုပါသည်။ နိုင်ငံများ၏ အထူးအခွင့်အရေးကို ကိုယ်စားပြုသော Eide ၏ “ပိုင်နက် နယ်မြေစုစည်းမှု ထိန်းသိမ်းရန်” နှင့် လူမျိုးများ၏ အထူးအခွင့်အရေးကို ကိုယ်စားပြုသော Kimminich ၏ “နိုင်ငံသစ် ဖန်တီးရန်” ဟူသော အစွန်းနှစ်ဖက် တင်ပြချက်မျိုးမဟုတ်ဘဲ အလယ်အလတ်လမ်းစဉ်ကို တင်ပြခဲ့သော Christian Tomuschat တွင် ပါရှိ သည့် “အသစ်ဖက်ဒရယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူမျိုးစုများအတွက်” ဟူ၍လည်းကောင်း၊ အလယ်အလတ် ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်သူ Thornberry ၏ “နိုင်ငံများအတွင်း အုပ်စုများအကြား လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်းနှင့် ကာကွယ်ခြင်းအတွက် နှိပ်ကွပ်ခြင်းနှင့် ခွဲထွက်ခြင်းတို့အကြား သင့်လျော်သော ကြားခံပုံစံကို ဖန်တီးရန် တိုက်တွန်းခဲ့ရာတွင် ဖက်ဒရယ်ဝါဒသည် ဖြစ်နိုင် သော (သင့်လျော်သော) နည်းလမ်းတစ်ခုဖြစ်သည်” ဟူ၍လည်းကောင်း၊ အလယ်အလတ်လမ်းစဉ်အတိုးအလျော့ ညှိနှိုင်းလုပ်လို သော သီအိုရီနှင့် တင်ပြချက်များသည် ကျွနိုပ်တို့နိုင်ငံ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် အကောင်းဆုံးအဖြစ် ယူဆပါ ကြောင်း ရေးသားလိုက်ပါသည်။

ကိုးကားစာအုပ်

  1. Dr. Venkat Iyer က ၂၀၀၂ ခုနှစ် BLC ၌ ပို့ချသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ဆိုင်ရာ ပို့ချချက်များအပေါ် မိုင်းဘုန်း ကျော်နှင့် ဒေါ်ဂျာဒင်း တို့မှ မှတ်တမ်းတင် ရေးသားသည့် စာအုပ်
  2. Prof. Maivan Clech Lam, Associate Professor, City University of Newyork School of Law, ရေးသားသော The Legal Value of Self-determination, Vision or Inconvenience? တို့ကို ကိုးကားပြီး သင့်လျော်သလို ရေးသားခြင်း ဖြစ်ပါသည်။
Share.

About Author

Leave A Reply

*

code