ကလေးဒေသ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်

0

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မိုးတွင်းကာလကဲ့သို့ ကလေးဒေသ၌ ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားမှုရှိလာပါက ပြည်သူများဆုံးရုံးမှု နည်းနိုင် သမျှနည်းအောင် ဆောင်ရွက်နိုင်ရေးအတွက် ကလေးဒေသရေဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို မေလ ၃၁ နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအောင်ဇော်မိုးက ယခုနှစ်အတွက် ကလေးဒေသ ရေ၀င်နိုင်သည့် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ယခင်နှစ်ကကဲ့သို့ ရေဘေးကယ်ဆယ်ရေးဇုန် ၅ ဇုန်ကို ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင် ရာများဖြင့် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း ကလေးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

“ဇုန်တာဝန်ခံများကလည်း မိမိတို့ဇုန်အလိုက် အစည်းအဝေးများပြုလုပ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တိကျသေခြာ စွာဆွေးနွေးကြရန်၊ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနကလည်း ဇွန်လ ၁ ရက်နေ့မှစ၍ ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်တို့မှ နေ့စဉ်မိုးရွာသွန်းမှု အခြေအနေတင်ပြရန်၊ ရာဇဂြိုလ်ဆည်မှလည်း တာဝန်ရှိသူများက နေ့စဉ်ဆည်ရေ တိုးတက်မှုအခြေအနေတင်ပြရန်၊ ဇုန်တာ ၀န်ခံများက လည်း လက်ရှိ ကယ်ဆယ်ရေးစက်လှေ ၁၈ စီးအား ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအ တွက်ဆောင်ရွက် ထားရှိရန်” တို့ဖြစ်သည်။

ဆက်လက်၍ ဇုန်အလိုက် ရေ၀င်ရောက်နိုင်သည့်အနိမ့်ဆုံး ရပ်ကွက်နှင့်ကျေးရွာများရှိ အိမ်ထောင်စု၊ အိမ်ခြေ နှင့်လူဦးရေစာရင်း များပြုစု ကောက်ယူ ထားရန်၊ ကောက်ယူထားသော နေအိမ်များ၏ အခြေအနေ ထား ရန် မှာကြားပြီး တက်ရောက် လာကြသော ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများကလည်း လိုအပ်မည့် အချက်အလက် များအား ညှိနှိုင်း ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ကလေးဒေသ၌ ၂၀၁၅ခုနှစ် ဇူလိုင်လကုန်နှင့် သြဂုတ်လ ပထမအပတ်တွင် နှစ် ၁၀၀ ကာလအတွင်း မကြုံ စဖူးအကြီးမားဆုံးသော ရေကြီးရေလျှံမှု ဖြစ်ပွားသောကြောင့် ဒေသခံပြည်သူများအပြင် နိုင်ငံတော် အနေဖြင့် လည်း ကြီးမားသောဆုံးရှုံးမှုဒဏ်ခံခဲ့ရပြီး ထိုသို့ဆုံးရှုံးမှုများ ထပ်မံမခံရစေရေး အတွက် ယခုကဲ့သို့ ရေဘေး အန္တရယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးစီးဦးဆောင်မှုဖြင့် ၂၀၁၆ခုနှစ် မိုးတွင်းကာလအတွင်း ရေဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး စီမံချက် ရေးဆွဲကာ ယင်းစီမံချက်နှင့်အညီ ရေဘေးကယ်ဆယ်ရေး ဇုန် ၅ ဇုန် ကို ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက် ထားရှိခဲ့ရာ ကံကောင်းထောက်မ စွာဖြင့် ယခင်နှစ်တွင် ကလေးဒေသ၌ ကြီးမားသောရေကြီးရေလျှံမဖြစ်ပဲ ပုံမှန်အနေအထားအတိုင်းပင် ရေလျှံခဲ့ သောကြောင့် ရေဘေး အန္တရာယ်နှင့် ပြည်သူများ ကင်းဝေးခဲ့ပါသည်။

ယခုရက်ပိုင်းအတွင်း သုံးရက်ဆက် တိုက်မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေးမြို့မြောက်ဘက် ဆည်ကြီးချောင်းရေများ လာသည့်အတွက် ဒေသခံပြည်သူများ သွားလာရေးအတွက် အခက်ကြုံနေကြရသလို မေလ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သော မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ ပေါ်နှင့် ကျေးရွာ ၁၇ ရွာရှိ လူနေအိမ် ၈၃ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ရွာလယ်ဇရပ် ၂ လုံး၊ ဆေးပေးခန်း ၁ ခုတို့ အမိုးလန်ပျက်စီးသွားခဲ့ပြီး စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ သိန်း ၁၈၀ ကျော်ခန့်ရှိသည်ဟု ချင်းပြည်နယ်အစိုးရထံ ပေးပို့သော ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

Share.

About Author

Leave A Reply

*

code