ချင်းတက္ကသိုလ်ကျောင်းသူ/သားများ တွေ့ဆုံပွဲတွင် CNF ဥက္ကဌ တက်ရောက်ဟောပြောခွင့် ပိတ်ပင်ခံရ

0

ချင်းပြည်နယ် မတူပီမြို့တွင် ကျင်းပလျက်ရှိသည့် ချင်းတက္ကသိုလ်ကျောင်းသူ/သားများ တွေ့ဆုံ နှေးနှော ဖလှယ်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျူံး တက်ရောက်ဟောပြောခွင့် ပိတ်ပင်ခံရ သည်ဟုသိရသည်။

မတူပီမြို့ ဘုံတလာ ခန်းမတွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ (၆) ရက်ကြာမြင့်မည့် ၁၉ ကြိမ်မြောက် ချင်းတက္ကသိုလ် ကျောင်းသူ/သားများ(Chin University Student Fellowship) တွေ့ဆုံနှေးနှောဖလှယ်ပွဲတွင် လက်ရှိငြိမ်းချမ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟောပြောပေးရန် CNF ဥက္ကဌကို ဖိတ်ကြားခဲ့ကြခြင်းဖြစ်သည်။

ကျောင်းသားများ၏ ဖိတ်ကြားချက်အရ CNF ဥက္ကဌသည် မတူပီမြို့သို့ ဧပြီလ ၂၆ ရက်နေ့က ရောက်ရှိပြီး နှေးနှောဖလှယ်ပွဲ ပထမဆုံးရက်နေ့တွင် ဟောပြောပေးရန် စီစဉ်ခဲ့ကြသော်လည်း ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန မှညွန်ကြား ချက်အရဟုဆိုကာ ချင်းပြည်နယ်အစိုးရမှတဆင့် မင်းတပ်ခရိုင် အုပ်ချူပ်ရေးမှူးအဖွဲ့ဘက်မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံချင်းကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဆလိုင်းထန်းလုန်းကပြောသည်။

“ပွဲမိန့်မှာ seminar ပေးမယ့်ပုဂ္ဂိုလ်တွေမဖော်ပြဘူး အဲဒီတွက်ကြောင့်ဆိုပြီး အကြမ်းဖျင်းကျနော်တို့သိရတယ်၊ ရှင်းရှင်းလင်းလင်းနဲ့ကျနော်တို့ကို အကြောင်းပြန်ကြားတာမရှိဘူး၊ မင်းတပ်ခရိုင်ကနေ လှမ်းပိတ်တယ်၊ ခရိုင်ကိုလည်း ပြည်နယ်ကညွန်ကြားတယ်၊ ပြည်နယ်ကိုလည်း ပြည်ထောင်စုကနေ ပြည်ထဲရေးက ကိုင်ပြီးတော့ မှ ညွန်ကြားတယ်လို့သိရတယ်၊ ဒီမှာက ဗျူဟာတပ်ရင်းလည်းရှိတော့လေ’’ ဟု ဆလိုင်းထန်းလုန်းကပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချူပ်(NCA) ကိုလက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး စာချူပ်ပါအချက်များအရ ဒေသခံပြည်သူများနှင့် လွတ်လပ်စွာတွေ့ဆုံခွင့်ရှိ သော်လည်း ယခုကဲ့သို့ ပိတ်ပင်ခံရမှုသည် (NCA) နှင့် ဆန့်ကျင်နေသည်ဟု ၎င်းကဆက်ပြောသည်။

“NCA ထဲမှာကိုက လက်မှတ်ထိုးပြီးသားအဖွဲ့ဟာ တရားဝင်အဖွဲ့အစည်းဖြစ်တယ်ဆိုတာဖော်ပြထားတယ်၊ ပြီးတော့ လွတ်လပ်စွာသွားလာခွင့်ပြောဆိုခွင့်၊ လူထုနဲ့ထိတွေ့ခွင့်ရှိတယ်ဆိုတာလည်းဖော်ပြထားတယ်၊ အဲဒီအတွက်ကြောင့် အခု အစိုးရဘက်ကလုပ်ဆောင်မှုအပေါ် ကျနော်တို့အများကြီးစိတ်မကောင်းဘူး၊ လွတ်လပ်စွာ လူထုနဲ့ထိတွေ့ပြောဆိုခွင့်ဆိုတာ NCA ပါရှိတယ် အဲဒီဟာနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေ တယ်၊ အများကြီးကွာဟနေတယ်၊ ကျနော်တို့အတွက် NCA ကလည်း အကျူံးမ၀င်သလိုဖြစ်နေတယ် အဲဒီအတွက် ကျနော်တို့အများကြီးဝမ်းနည်းတယ်’’ ဟု ဆလိုင်းထန်းလုန်းကဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်က “အခုကဘာဖြစ်လဲ ဆိုလို့ရှိရင် ဖိတ်ခေါ်တဲ့အဖွဲ့က ကျောင်းသားအဖွဲ့အစည်းဖြစ်နေတယ် သူကနိုင်ငံရေး အဖွဲ့အစည်းမဟုတ်ဘူး တကယ်လို့နိုင်ငံရေး အဖွဲ့ကလုပ် တယ်ဆိုရင် ဘာမှပြောစရာလဲမရှိဘူးပေါ့နော် နောက် CNF က organize လုပ်တဲ့ပွဲမှာ CNF လူကြီးတွေပြောတယ် ဆိုရင် ဘာမှပြောစရာမရှိဘူး ခုက organize လုပ်တဲ့အဖွဲ့သည် ကျောင်းသားအဖွဲ့ဖြစ်နေတယ် နောက်ပြီးတော့ ပြောတဲ့ပုဂ္ဂိုလ်သည် ရိုးရိုးအဖွဲ့ ၀င် တွေဘာတွေပြောတယ်ဆိုရင် ကိစ္စမရှိဘူး ဒါပေမယ့်အခုပြောတဲ့လူသည် ထိပ်တန်းခေါင်းဆောင်ဖြစ်နေတယ် ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ အခါကျတော့ ထိပ်တန်းခေါင်းဆောင်အဆင့်အနေနဲ့ပြောတဲ့ဥစ္စာသည် NRPC (အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) ရဲ့သဘောထားပေါ်မူတည်တယ် ပေါ့နော်၊ ကျနော်တို့အနေနဲ့ ခွင့်ပြုတာတို့ ခွင့်မပြုတာတို့က ကျနော်တို့ဘာမှမဆိုင်ဘူး အဲလိုမျိုးပြောလို့ရတယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ကျာင်းသားအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ ဖိတ်ချင်သည်ဆိုပါက ကြိုတင်အကြောင်းကြား ညှိနှိုင်းပါက ပြည်နယ်အစိုးရ အနေဖြင့်လည်း NRPC ထံသို့ သဘောထားမေးပေးလို့ရပါကြောင်း၊ NRPC ဘက်မှ ကန့်ကွက်ရန်မရှိပါက မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလို့ရကြောင်း ၀န်ကြီးကပြောသည်။

Share.

About Author

Leave A Reply

*

code