“ကိုယ်လုပ်တဲ့အလုပ် ကိုယ်သိဖို့ အရေးကြီးဆုံးပဲ”

0

ချင်းလူငယ်အဆိုတော် Israel Van Sui Lian နှင့်တွေ့ဆုံခြင်း (Interview)

ချင်းလူငယ်တွေအကြားကျယ်ကျယ်ပြန့်ပြန့်ရေပန်းစားလာတဲ့ ချင်းမျိုးဆက်သစ်လူငယ် အဆိုရှင်တစ်ဦးရှိပါတယ်။ သူကတော့ အသက် ၂၇ နှစ်အရွယ် Israel Van Sui Lian လို့ခေါ်တဲ့ Israel Vsl ဘဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဂီတကို ၀ါသနာပါခဲ့တဲ့ Israel ဟာ ၂၀၀၈ ခုနှစ်ကပြီး ဂီတလောကထဲကို ထဲထဲဝင်ဝင်နဲ့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ယခုချိန်ထိတော့ တေးအလ်ဘမ် ၂ ခွေထုတ်ဝေထားပြီး ပရိတ်သတ်အားပေးမှုလည်း အတိုင်းအတာတစ်ခုထိ ရနေတဲ့သူပါ။ ဂီတလောကထဲကို သူဘယ်လိုရောက်ရှိ လာတာလဲ၊ ယခုအခြေအနေကိုရောက်ဖို့ ဘယ်လိုမျိုးဖြတ်သန်းခဲ့ ရသလဲ၊ စတဲ့စိတ်ဝင်စားစရာကောင်းတဲ့ သူ့အကြောင်း တွေသိရှိနိုင်ဖို့ Israel Van Sui Lian ကို ခိုနူမ်းသုန်သတင်းဌာနမှ သတင်းထောက် Lalnuna က တွေ့ဆုံမေးမြန်းထား ပါတယ်။

မေး။    ။ ဂီတလောကထဲကို ဘယ်လိုနဲ့ စတင်ဝင်ရောက်ခဲ့တာလဲ

ဖြေ။       ။ ကျတော်က ၂ တန်းကတည်းကနေ ဂီတာတီးခဲ့တယ် တီးတော့မတီးတတ်သေးဘူး ၂တန်းဆိုတော့လူကလည်း သေးတာပေါ့ ဂီတာလည်းမနိုင်ဘူး ပေါင်ပေါ်မှာတောင်မတင်နိုင်ဘူး ဒါမယ့်အကိုတွေဆီမှာ နည်းနည်းလိုက်သင်တယ် ပြီးတော့ သူများတီးတာ အသံကြားပြီးဆိုရင် သွားပြေးကြည့်တာပဲ။ သူဘာလုပ်လဲ သူ့လက်အဲလိုလှုပ်တယ် ဒီလိုခတ်တယ် အော်.. မှတ်ထားတယ် တစ်ကွက်လောက်ကိုသေချာမှတ်ထားတယ် အဲလိုလေးနဲ့ လေ့လာပြီးတော့  ၄တန်းလောက်ကျ တော့ ကောင်းကောင်းတီးနိုင်တယ် ဒီလိုရိုးရိုးသီချင်းလေးတွေကို ကိုယ်တိုင်လည်းဆိုနိုင်တယ်  အဲနောက်ပိုင်းတော့ တောက်လျှောက်ပဲ။ ဂီတာလေးဝယ်တယ်  ကိုယ့်ဟာကိုအိမ်မှာတီးတယ် ဆိုတယ်။ အဲဒီကနေ၀င်လာဖြစ်တယ် ကျတော်ကိုယ်တိုင်က ကြိုက်လို့ မြတ်နိုးလို့၊ ဒီလိုနဲ့ ၁၀ တန်းအောင်ပြီး  ကျမ်းစာကျောင်းတက်ရင်း အခွေထုတ်တယ်၊ အဲဒီတုန်းက ကျနော်အသက်က ၁၇ နှစ်ပါ။ ကျနော့သူငယ်ချင်း ဆလိုင်း Mazawm ဆိုတာရှိတယ် ကျနော့ကိုအမြဲအားပေး တယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ၊ နင်ဒီလောက်ဂီတကို ချစ်မြတ်နိုးတာ လုပ်ပါဆိုပြီး ကျနော့ကို အမြဲအားပေးတယ် ကျနော့ကို အဓိက လမ်းပြပေးသူတစ်ဦးလည်းဖြစ်တယ်၊ ဒီလိုနဲ့ ကျနော်ဒီအနုပညာလောကထဲကို ၀င်ရောက်လာတာပါ။

မေး။    ။ အကိုယ့်ရဲ့ မိဘဆွေမျိုးအသိုင်းအ၀န်းမှာကော် ဂီတသမားတွေရှိလား။

ဖြေ။       ။ အကိုတို့သိမလားမသိဘူး Richard Za Hleih Lal သူ့သီချင်း ဒီဘက်ပိုင်းမှာ ခေတ်စားလာတယ် ” Setan A Dawi” ဆိုတာလေ။ သူက ၁၉၇၅-၇၈ အဲတုန်းက မြန်မာနိုင်ငံမှာ Studio ၃ခုလောက်ပဲရှိသေးတယ် မန္တလေးမှာ သူခွေထုတ် ခဲ့တယ်။ သူက ကျနော့ဦးလေးတော်ပါတယ်။ အဖေကရွာမှာ ဂီတာတီးအကျွမ်းဆုံး ၊ အမေကကျတော့ ရွာမှာ အသံအကောင်းဆုံး အဲလိုမျိုးပေါ့။

မေး။    ။ တေးအလ်ဘမ် ၂ ခုထုတ်ပြီကြားတယ်၊ အကိုယ့်ရဲ့ အလ်ဘမ်အကြောင်းလေးလည်းပြောပြပါဦး

ဖြေ။       ။ အလ်ဘမ် (၂)ခုရှိပြီ၊ ၂ စီးရီရှိပြီပေါ့၊ ၂၀၀၉ တုန်းက ပထမခွေ၊ ၂၀၁၅ မှာဒုတိယခွေ ပထမအလ်ဘမ်နာမည်က ချင်းလိုဆိုရင် Ka Ziang Kim  ချင်းအလ်ဘမ်ပဲဆိုတော့လေ၊ Ka Ziang Kim ဆိုတာ ဗမာလိုဆိုရင် အရာခမ်သိမ်းပေါ့၊ ဒုတိယအလ်ဘမ်ကတော့ DMC ဆိုပြီးပေးထားတယ် ဒီမိုကရေစီပေါ့ သူ့ Long form က၊ နိုင်ငံရေးနည်းနည်းပါတယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲကိုလည်း အသိမှတ်ပြုတဲ့အနေနဲ့အဲဒါတွေကိုရည်စူးပြီးတော့။

မေး။    ။ အလ်ဘမ်ထုတ်တော့ ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ ရောင်းအားခြေအနေလေးက ဘယ်လိုရှိလဲ

ဖြေ။       ။ အားလုံးကတော့အားမပေးပေမယ့်။လူဆိုတာ ကြိုက်တဲ့သူရှိမယ် မကြိုက်တဲ့သူရှိမယ်။ အဲဒီထဲမှာမှ ကြိုက်တဲ့သူတချို့တလေ လက်တစ်ဆုပ်စာဖြစ်ဖြစ် အဲလိုလေးရှိတဲ့တွက် ပီတိလည်းဖြစ်မိတယ်၊ ၀မ်းလည်းသာတယ်။ ရောင်းအားအခြေနေကျတော်က ချင်းအခွေလေးဆိုတော့ လူဦးရေကလည်း နည်းတယ်လေ အဲဒီလူဦးရေနည်းတဲ့ အထဲမှာမှ စကားမတူတာလေးတွေလည်းရှိသေးတော့ ရောင်းအားအခြေနေမှာတော့ အဲလောက်ကြီး ပြောစရာမရှိဘူး။ အားရစရာမရှိဘူး။ ပြည်ပမှာတော့ ဒေါ်လာနဲ့သွားတော့ ဒီပြန်ရောက်တော့ ငွေပြန်လှဲနှုန်းနဲ့ဆိုရင် တခွေကို (၁၀) ဒေါ်လာလောက်နဲ့ရောင်းရရင် ဒီမှာငွေလှဲနှုန်းနဲ့ဆိုရင် တစ်သောင်းလောက်ကျသွားတာပေါ့ ပြည်ပရောင်းရတဲ့ ဥစ္စာတွေကျတော့ အတင်ကျန်လေးတွေရှိတယ်။ ပြောစရာလေးတွေရှိတာပေါ့နော်။

မေး။    ။ ဆိုတော့ ကျနော်တို့ ချင်းမှာက လူဦးရေကလည်းနည်းတဲ့အပြင် စကားတွေကလည်း မတူတော့လေ၊ ခွေထုတ်ရင် ရောင်းအားတွေကလည်း အားရစရာသိပ်မရှိဘူးဆိုတော့လေ၊ အဆိုတော်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလို့ အဆင် ပြေလား။

ဖြေ။       ။ ချင်းအခြေအနေနဲ့ပြောမယ်ဆိုရင် ဂီတနဲ့အသက်မွေးဝမ်းကျောင်းဖို့ဆိုတာ ခုအခြေအနေမှာ မလွယ်ကူသေးပါဘူး။ ခုနကပြောသလိုပေါ့ လူဦးရေကလည်း နည်းတယ်၊ နည်းတဲ့အပြင်ကို စကားကလည်း မတူကြဘူးလေ၊ အသက်မွေးဝမ်းကျောင်းဖို့အတွက်ဆိုရင် ဗမာသီချင်းထုတ်ပြီးတစ်နိုင်ငံ လုံးပြန့်ချိမယ်ဆိုရင် ပိုအဆင်ပြေလာနိုင်တာပေါ့။ ခုခြေနေက ဈေးကွက်က အရမ်းသေးနေတော့လေ။

မေး။    ။ တေးအယ်ဘမ်တစ်ခုထုတ်နိုင်ဖို့ ဖြတ်သန်းလာခဲ့တဲ့ အခက်အခဲစိန်ခေါ်မှုတွေပြောပါဦး။

ဖြေ။       ။ ပထမဦးဆုံးကတော့ အတွေ့ကြုံလုံးဝမရှိတာရယ် အသက်ငယ်တာရယ် နောက်အချက်ကတော့ လူအားလုံးနီးပါးလို့ထင်ပါတယ် ငွေရေးကြေးရေးပေါ့နော်ထောက်ပံ့တဲ့သူလည်းမရှိဘူး။ ကိုယ့်ဟာနဲ့ကိုယ် အိမ်ကိုတောင်အသိမပေးရဲဘူး။ တိတ်တခိုးလေးနဲ့ လုပ်ခဲ့တာ ကျောင်းတက်ရင်း အဲဒါတွေကအဓိကပါပဲ။

မေ။     ။ လတ်တလော လှုပ်ရှားမှုအခြေအနေလေးပြောပြပါဦး

ဖြေ။       ။ ဟုတ်ကဲ့ ခုလက်တလောက ဗမာခွေလေးလုပ်နေတယ် နည်းနည်းကြာနေပြီ တစ်နှစ်ခွဲလောက်နီးပါးရှိပြီ ကြားထဲမှာ ကျတော် ခရီးသွားနေတာနဲ့ ခုတော့ Body ပြီးသွားပြီ အဲဒီအခွေထဲမှာ သီချင်း ၁၁ ပုဒ်ထည့်ထားတယ် ၁၀ ပုဒ်ကျတော့ဒီ Drum နဲ့အစုံသွားမယ် တပုဒ်တည်းကျတော့  ဆယ်လို နဲ့ အော်ချယ်စတာလေးတွေနဲ့ Piano အဲလိုသွား မယ်။ ကျတော်တို့ခန့်မှန်းတာတော့ဒီနှစ်ကုန်လောက်တော့ခန့်မှန်းထားတယ် အခြေနေက ဘယ်လိုလာမလဲတော့ မသိဘူး ကျတော်တို့ ခရစ်ယာန်အယူအရ ဘုရားအလိုတော်ရှိရင်ပေါ့။

မေး။    ။ ဂီတလောကမှာ Band Mode နဲ့ Single Mode ဘယ်ဟာပိုကြိုက်လဲ။

ဖြေ။       ။ ကျတော်က Band Mode ကြိုက်တယ်။ ကျတော် Rock နည်းနည်းကြိုက်တော့ Rock ဘက်အားသန်တော့ Band Mode ကောင်းကောင်းလေးရိုက်ထားတာလေးတွေဆိုရင် အင်မတန်ကြည့်လို့ကောင်းတယ်။

မေး။    ။ ဘယ်လိုသီချင်းအမျိုးသားတွေ နားထောင်ဖြစ်လဲ

ဖြေ။       ။ ကျတော်နားထောင်ဖြစ်တာကတော့ အစုံနားထောင်တယ် တခါတလေဆိုရင် Rap, Hip-Hop တွေလည်းနားထောင်တာလေးတွေရှိတယ် ဘာလို့လဲဆိုတော့သူ့ရဲ့ အယူဆလေးတွေကို ဒီအနုပညာတွေကို ဖလှယ်လို့ရတယ် ဒါမယ့်နားထောင်တာလေးတွေကတော့အစုံပဲ Pop, Rock, အစုံပဲ ဒါမယ့် အနှစ်သက်ဆုံးကတော့ဒီဘက်ပိုင်းရောက်တဲ့ Modern တို့ ပြီးတော့ Metal နည်းနည်းဆန်တဲ့ဟာတွေ အဲလိုမျိုးလေးတွေပါပဲ ပြီးတော့ Slow Rock လေးတွေကိုလည်းကြိုက်တယ်၊ ဂီတအမျိုးစားအကြိုက်ဆုံး မှာတော့ Modern Rock ပါပဲ။

မေး။    ။ မြန်မာပြည်က အဆိုတော်ထဲမှာဘယ်သူ့ကိုအကြိုက်ဆုံးလဲ။

ဖြေ။       ။ ကျတော်အကြိုက်ဆုံး အလေးစားဆုံးဆိုရင် Metal Zone ပြီးတော့ ပုဂ္ဂိုလ် Vocalist နဲ့ကျတော့ အငဲပေါ့။

မေး။    ။ နိုင်ငံတကာအဆိုတော်တွေထဲမှာကော် ဘယ်သူ့ကို ကြိုက်လဲ။

ဖြေ။       ။ ဟုတ်ကဲ့ ကျတော်အလေးစားရဆုံးက Dream Theater  အကြိုက်ဆုံး Band ကတော့ Bon Jovi။

မေ။     ။ အခုလက်ရှိမှာခေတ်စားနေတဲ့ Myanmar idol၊ အိပ်မက်ဆုံရာတို့ကို ဘယ်လိုမြင်လဲ

ဖြေ။       ။ ဟုတ်ကဲ့ ကောင်းတယ်။ ဒါကမြန်မာနိုင်ငံမှာပဲမဟုတ်ဘဲနဲ့ တကမ္ဘာလုံးက သူ့နိုင်ငံနဲ့သူလေ အမေရိကန်ဆိုရင်လည်း American Idol  အဲကနေလူရာမြောက်အောင် အများကြီးသူတို့မွေးထုတ်ပေးတယ် အဲလိုမျိုးဆိုတော့ ကောင်းတယ် ထောက်ခံတယ်။

မေး။    ။ အခုဆိုရင် ချင်းမျိုးဆက်သစ်လူငယ်အဆိုတော်တွေလည်း တဖြည်းဖြည်းများလာတယ်ပေါ့နော်၊ အခွေတွေလည်းထုတ်လာကြတယ်။ သူတို့ရဲ့ ဂီတပိုင်းဆိုင်ရာမှာ အားရမှုရှိလာ

ဖြေ။       ။ ချင်းတိုင်းရင်းသားတွေကြားမှာ လူငယ်တွေရဲ့ဂီတမှာပိုင်းဆိုင်ရာ အရင်ထက်စာရင်တော့ ကျတော်တို့ အများကြီးတိုးတက်သွားပြီး လုပ်လည်းလုပ်နိုင်ကြပြီ Home Studio  လေးတွေနဲ့ကိုယ့်ဟာနဲ့ကိုရုန်းလာကြတယ်။ ၀မ်းလည်းသာတယ်။ ပြီးတော့ အဲမှာ တခုလေးနည်းနည်းထောက်ပြချင်တာကတော့ ကျတော်လည်း အဲလောက်ကြီး မသိပေမယ့် မတတ်ပေမယ့် ကျတော်တို့မှာ အလုပ်တခုလုပ်ပြီဆိုရင် အဲအပေါ်ကို ကျတော်တို့မှာရှိတဲ့အရည်ချင်းနဲ့ ပြီးတော့အဲပေါ်မှာကို ထပ်ပြီးတော့သင်ချင်တဲ့စိတ်လေးနဲ့ ဥပမာ ကျတော်အနုပညာလုပ်တော့မယ်ဆိုရင် Sound Engineer အပိုင်းလေးတွေလေ့လာမယ် ဂီတာတီးတော့မယ်ဆိုရင် stuff note ကောင်းကောင်းလေးနည်းနည်းလေ့လာမယ် သင်တန်းလေးတွေသွားပြီးသွားသင်မယ် စာလေးတွေဖတ်မယ် အဲလိုလေးတွေပိုလုပ်နိုင်ရင်တော့ ဒီထက်ကောင်းလာမယ်။

မေး။    ။ နောက်ပေါ်ထွက်လာမယ့် ချင်းမျိုးဆက်သစ်အဆိုတော်တွေအတွက် ဘာအကြံပြုချင်လဲ

ဖြေ။       ။ ဟုတ်ကဲ့ နောက်တက်လာမယ့်လူငယ်တွေအများကြီးရှိမယ် ကျတော်တို့နောက်မှာရော လက်ရှိမှာရော ရှိနေတုန်းပဲ ကျတော်တစ်ခုလေးမှာချင်တာကတော့များသောအားဖြင့် ကျတော်တို့ချင်းအသိုင်းအ၀ိုင်းမှာဆိုရင် အနုပညာလုပ်တော့မယ် ဆိုရင် ခွဲခြားမှုကအရမ်းများတယ်လေ ရိုးရိုးသားသားပြောရရင် သူတို့ကဘုရားသီချင်းဆိုတယ်၊ သူတို့ကအပြင်သီချင်းတွေ လောကသီချင်းတွေ Love song သီချင်းတွေဆိုတယ် ဒါက စာတန်ရဲ့အဖွဲ့တွေ အဲလောက်ထိတောင် အများကြီးဗျာ စကားလုံးတောင်မလောက်ဘူး ဒါမယ့်အဲဒါတွေကိုကိုယ်ကအားခဲထားရမယ် ဒီအလုပ်လုပ်တော့မယ့်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည့်မှုရှိပြီးတော့ ဘုရားဆီမှာဆက်ကပ်ပေါ့ ကိုယ်လုပ်တဲ့အလုပ် ကိုယ့်ကိုကိုယ်သိဖို့အရေးကြီးဆုံးပဲလေ ဒီအချိန်ကျတော်အရက်သောက်မယ် ကျတော်ဘာဖြစ်မယ်ကျတော်သိတယ် အဲတော့မကောင်းရင်မသောက်ဘူး အဲလိုမျိုးပေါ့ ဒီအလုပ်ကိုကျတော်လုပ်ရင် ကျတော်ဘာဖြစ်မယ်သိတယ်။ ဆုံးဖြတ်ချက်လုပ်လိုက်ပြီဆိုရင် ရဲရဲတင်းတင်း လုပ်လိုက်၊ ဝေဖန်တာတွေ မကောင်းဘူးပြောတာတွေ သိပ်ဂရုစိုက်နေရင်တော့  အရာမရောက်ဘူးပေါ့။ အဲဒါလေးတော့မှာချင်တယ် ပြီးတော့ ကျတော်တို့ချင်းအသိုင်းအ၀ိုင်းမှာဆိုရင် အနုပညာလုပ်တော့မယ်ဆိုရင် တခြားအသိုင်းဝိုင်းနဲ့မတူဘူး ပိုပြီးတော့ အားခဲရမယ် သူများအသိုင်းဝိုင်းထဲမှာသွားလုပ်မယ့် လုပ်အားခ ၅၀၀ နှုန်းလောက်ကို ကျတော်တို့ချင်းအသိုင်းဝိုင်းမှာတော့ ၁၅၀၀ လောက်ထုတ်ရမယ်မြင်းကောင်ရေက အဲလောက်လောက်နဲ့မှအဆင်ပြေမယ်။

မေး။    ။ ဒီမေးခွန်းကတော့ အမျိုးသမီးတွေသိပ်သိချင်တဲ့မေးခွန်းပါ။ လက်တွဲဖော်ရှိနေပြီလား။

ဖြေ။    ။ မနေ့ကသူ့ကိုပြောပြတော့ အဲလိုမေးခွန်းလေးတွေပါရင်ပါမှာ နက်ဖြန်ငါအင်တာဗျူးသွားမှာ ငါဘယ်လို ပြောရမလဲလို့ သူ့ကိုတောင်မေးခဲ့သေးတယ် အဲဒါဆိုရင်ပေါ်သွားပြီ ….နင်မရှိဘူးလို့ပြောရဲရင်ပြောကြည့် ပါလားတဲ့ နင့်ဆံပင်တွေအကုန်ကျွတ်သွားမယ်တဲ့။

မေး။    ။ နောက်ဆုံးအနေနဲ့ အကိုယ့်ရဲ့ပရိသတ်တွေကိုစကားပါးပေးပါဦး။

ဖြေ။       ။ ဟုတ်ကဲ့ကျတော် ခုနပြောပြီးတဲ့အတိုင်းပါပဲ ကျေးဇူးတင်တယ် ဆိုယုံကလွဲရင် ဘာမှမလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် ပရိသတ်တွေအားရအောင် ကျေနပ်အောင် နောက်ထပ် သီချင်းကောင်းလေးတွေကိုယ်တိုင်စပ်နိုင်အောင် ဆိုနိုင်အောင် အခွေကောင်းကောင်းလေးတွေ Quality ရှိတဲ့ဟာလေးတွေ ထုတ်နိုင်အောင် ကျတော် ဒီထက်မက ကြိုးစားမယ်လို့ ကတိပေးချင်တယ် ကျေးဇူးတင်တယ်။

မေး။    ။ ခုလိုအချိန်ပေးပြီးကျနော်တို့ရဲ့မေးခွန်းအားလုံးဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ဖြေ။       ။ ဟုတ်ကဲ့ ကျနော်လည်းကျေးဇူးအများကြီးတင်ပါတယ်။

Share.

About Author

Leave A Reply

*

code