ချင်းဓလေ့ထုံးတမ်းစဉ်လာ – ၂၀၁၆

0

by Pu That Savunga –  ကျွန်တော် တပ်ဦးရုံးကို စက်တင်ဘာလဆန်း (၅) ရက်နေ့မှာ သွားတက်စဉ် ချင်းအမျိုးသားတပ်ဦး၊ ဗဟိုတရားသူကြီး အဖွဲ့မှ ရေးသားပြုစုတဲ့ ချင်းဓလေ့ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်းနှင့် အမွေဆက်ခံခြင်း ဆိုင်ရာ ဥပဒေ (မူကြမ်း) အား အထပ်လိုက် ရုံးစားပွဲပေါ်တင်ထားတာကိုတွေ့တော့ ကောက်ယူဖတ်လိုက်ရမယ်။ အကြမ်းဖျင်းအစအလယ်အဆုံးအထိ ဖတ်လိုက်တော့၊ မီဇိုးရမ်းအစိုးရမှ နော်ကဆုံးပြုစုပြီး တရားဝင်ထုတ်ပြန်ထားတဲ့ (Mizo Hnam Dan/ Cusomary Law of Mizos) ဓလေ့ထုံးတမ်းကို ပုံတူကူးယူပြီး တိုက်ရိုက်ဘာသာပြန်ထားတာ ဖြစ်မယ်လို့ မှန်းဆမိပါတယ်။ 

ကျွန်တော် စောဒက တက်လိုလို့တော့မဟုတ်ပါဘူး။ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းပြီး၊ ရှေးကရှိနှင့်ပြီးတဲ့ ချင်းတောင် တန်းဥပဒေ (The Chin Hills Regulation – 1896)၊ ချင်းဝိသေသတိုင်းအက်ဥပဒေ (The Chin Special Division Acts – 1948) နဲ့တကွ၊ ယခင် ချင်းရေးရာကောင်စီ (၁၉၄၈-၁၉၅၇) မှ ပြုစုထားတဲ့ ချင်းဓလေ့ထုံးတမ်းများရှိမရှိ လေ့လာပြီး၊ ရရာမှတ်တမ်းများ၊ ဥပဒေဘွဲ့ရများရဲ့ စာတမ်းများနှင့်တကွ၊ ပူးတွဲလေ့လာပြီးမှ မူကြမ်းကို ပြုစုသင့်တယ် လို့ ဆိုလိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့၊ မြို့နယ်တိုင်းမှ ဥပဒေပညာ အဓိကဘာသာနဲ့ ဘွဲဆွတ်ခူးသူများဟာ မိမိတို့ မြို့နယ်အသီးသီးမှ ချင်းဓလေ့ထုံးတမ်းစဉ်လာစာတမ်းဖြင့် ဘွဲ့ကိုယ်စီရယူခဲ့ကြမယ်ထင်လို့ ဖြစ်ပါတယ်။ အကြောင်း က “တရားဥပဒေအစ၊ ဓလေ့ထုံးတမ်းစဉ်လာက” ဖြစ်နေလို့ပါဘဲ။ 

ချင်းတို့မှာ ပြောလေ့ပြောထရှိတဲ့စကားရှိတယ်။ “နှုတ်ချိုရင် နွားနောက်မတောင်ရနိုင်တယ်၊ နှုတ်ကြမ်းတော့ နွားနောက်မကို လျော်ရတယ်” လို့ပေါ့။ နှုတ်ကြမ်းတာတင် မကပါဘူး။ သူများအိမ်ယာ၊ သားမယားများ၊ အိမ်မွေး တရိစ္ဆာန်များအပေါ် ပြစ်မှုတစ်ခုခု ကျူးလွန်တဲ့အခါမှာလည်း လျော်ကြေးပေးရတယ်။ လျော်ကြေးဆိုရင် ဝက်မက အစ၊ နွားနောက်မတန်း (နွားနောက်မပျို)၊ နွားနောက်မကြီးတွေအပြင် မောင်း၊ လှံ၊ ဓါး စတာတွေလည်းပါတယ်။ လျော်ကြေး အတွက် အသုံးချမယ့်အရာရာတိုင်းကို ချင်းလူမှုအဖွဲ့အစည်းရဲ့ စီးပွားရေး အဆင့်အတန်းနဲ့အညီ၊ တန်ဖိုးသတ်မှတ် ပေးရတယ်။ ဥပမာ၊ ဝက်မဆို ငွေ ငါးကျပ် (အမေရိကန် ဒေါ်လာ၊ ယူကေ စတာလင်ပေါင်၊ အိန္ဒိယရူပီး၊ မြန်မာကျပ်ငွေ တို့ဖြင့် မသတ်မှတ်ပါ)၊ နွားနောက်မပျိုးကို ၂၀၊ နွားနောက်မကြီးကို ၄၀ စသဖြင့် တန်ဖိုးသတ်မှတ်ပေးခဲ့ကြတယ်။ ဒါက လူရှေတောင်တန်းခေါ် မီဇိုးရမ်းစံနမူနာပါ။ ငွေအသပြာမရှိတော့ ပစ္စည်းရဲ့ တန်ရာတန်ကြေးကို ဘုံဈေးနှုန်း သတ်မှတ် တာပါပဲ။ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းဆိုသလို ချင်းလူမှုဖွဲ့စည်းပုံ၊ မျိုးနွယ်စု၊ ဆွေမျိုးစု၊ ကျေးရွာအလိုက် ကျင့်သုံးတဲ့ဖြတ်ထုံးတွေလည်း အနည်းနဲ့အများ ကွဲပြားနေကြပါသေးတယ်။ လိုရင်းက လျော်ကြေး၊ ဒဏ်ကြေး သတ်မှတ်ပုံတသမတ်တည်း မတူညီကြဘူးလို့ ဆိုလိုတာပါ။ 

ကာယကံရှင် သဘောမတူဘဲ၊ မိန်းမပျိုရဲ့ ရင်သားကို ကာလသား တစ်ယောက်ယောက်က အတင်းအဓမ္မ ထိကိုင် လိုက်လို့ အမှုတိုင်တယ်ဆိုရင်၊ ဝက်မကြီးကို လျော်ခိုင်းရတယ်။ အမျိုးသားတစ်ယောက်ယောက်က အမျိုးသမီး (အပျို ဖြစ်ဖြစ်၊ တခုလပ်ဖြစ်ဖြစ်) တစ်ယောက်ယောက်ကို မုဒိမ်းကျင့်တာဖြစ်စေ၊ လိမ်ညာပေါင်းသင်းတာပဲဖြစ်စေ၊ ကိုယ်ဝန် ရလာပြီး၊ လက်ထပ်မယူဘဲ၊ လွဲရှောင်နေရင်၊ နွားနောက်မကြီးကို လျော်စေရတယ်။ ဒီဖြတ်ထုံးကို အကြောင်းပြုပြီး၊ ပထမ ချင်းအမျိုးသားညီလာခံကို (၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀) မှာ ကျင်းပခဲ့စဉ်မှာလည်း၊ မှုခင်းဆိုင်ရာအမြင့်ဆုံး လျော်ကြေးအဖြစ် နွားနောက်မကြီးကို စံတင်ပြီး၊ ကျပ်ငွေ ၂၀၀ ဖြင့် စံနှုန်းသတ်မှတ်ခဲ့တယ်။ ဆုံးဖြတ်ချက် ချမှတ်ရာ တွင်လည်း “အခါအားလျော်စွာ လျော်ဒဏ်နှုန်းအား၊ မတိုးမြှင့်ရသေးတဲ့ ကာလပတ်လုံး၊ နွားနောက်မကြီး တန်ဖိုးကို ငွေဒင်္ဂါနှစ်ရာနဲ့ထပ်တူညီမျှစေရမယ်” လို့ သတ်မှတ်ထားပါတယ်။ 

တိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ပေါက်လာတဲ့အခါ ချင်းပါလီမန်အမတ်များက ချင်းဝိသေသတိုင်းအက်ဥပဒေကို ရေးဆွဲပြဌာန်းပြီး၊ ချင်းဓလေ့ထုံးတမ်းစဉ်လာကိုပါ ပြုစုခဲ့ကြတယ်။ ၄င်း ဓလေ့ထုံးတမ်းစဉ်လာကို ကာကွယ်ထိန်းသိမ်း မယ့် ကောင်စီဝင်များကိုလည်း ကျေးရွာတိုင်းမှတစ်ဦးကျစီ ခန့်အပ်တာဝန်ပေးခဲ့တာ စာရေးသူ သိထားရပါတယ်။ ဥပမာ – ချင်းဝိသေသတိုင်း အက်ဥပဒေပုဒ်မ ၁၅ (က) မှာ အမွေဆက်ခံခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေကို ပြဌာန်း ခဲ့ကြောင်း (Act No XLIX Sec. 15 (Kagyi) of 1948) အရ တွေ့ရှိရတယ်။ ၄င်းကို ၁၆-၁၀-၁၉၅၇ မှာ (Act No 50 of 1957) အရ ပြန်လည်ပြင်ဆင်ခဲ့တယ်။ ၄င်း ပြင်ဆင်ချက်ကို ခေတ်နဲ့ မလျော်ညီတော့ဘူးဆိုရင် ချင်းအမျိုးသား တပ်ဦး၊ ဗဟိုတရားသူကြီးအဖွဲ့အနေနဲ့၊ ချင်းဓလေ့ထုံးတမ်းစဉ်လာကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်သင့်ပြီဖြစ် ကြောင်းကို ဆောင်းပါးအနေဖြင့် သော်လည်းကောင်း၊ စာတမ်းအနေဖြင့်သော်လည်းကောင်း၊ အဆိုပြုလွှာများ ဖြန့်ဝေ သွားလျှင် မကောင်းပေဘူးလားလို့ပါ။

အောက်ပါ သာဓကကို လေ့လာကြရအောင်။

Page – 85

APPENDICES-II

                                                            (See Page 61, 75 and 76)

(Succession Order, Classification and Division of Property enacted vide Act No. 50 of 1957 – as Schedule to S. 15-Kagyee of the Chin Special Division Act, 1948 (Act No. XLIX of 1948)

ပုဒ်မ ၁၅ (က) မှာ (ဤဇယားတွင် ချင်းအမျိုးနွယ်မှ ဆင်းသက်လာသည့် ချင်းအမျိုးသားများမဟုတ်သောသူများ၏ ပစ္စည်းနှင့် မသက်ဆိုင်စေရ)။

“ချင်းအမျိုးသားတစ်ဦး၏ ပစ္စည်းကို အမွေဆက်ခံခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေအား အောက်ပါပြဌာန်းချက်များ အတိုင်း ပြုပြင်ထားသည်” ဟုဆိုကာ ပုဒ်ခွဲ ၁ မှ ၆ အထိ ရှင်းလင်းချက်များနှင့်တကွ ပြုစုထားတာကို တွေ့ရတယ်။

အလားတူစွာပဲ The Chin Hills Regulation – 1896 – Chapter II မှာလည်း ချင်းဓလေ့ထုံးတမ်းစဉ်လာကိုလိုက်ပြီး ဓလေ့ထုံးတမ်းဥပဒေကဏ္ဍမှာ ဒီ Regulation ဥပဒေဟာ ချင်းများနဲ့သာ သက်ဆိုင်ပြီး၊ ချင်းမဟုတ်သူများနဲ့ မသက်ဆိုင်စေတာကိုလည်း တွေ့ရတယ်။ 

လိုရင်းကတော့ ယခင့်ယခင်က ပြုစုပြဌာန်းလာခဲ့တဲ့ ဓလေ့ထုံးတမ်းဥပဒေ ရှိရှိသမျှကို လုံလောက်စွာ စုဆောင်းပြီးမှ မူကြမ်းကိုပြုစုမယ့် ဓလေ့ထုံးတမ်း ဥပဒေကော်မီတီကို ဖွဲ့စည်းတာဝန်ပေးသင့်တယ်လို့ ယူဆပါတယ်။ ချင်းဓလေ့ ထုံးတမ်းဥပဒေဆိုတာ ချင်းအမျိုးသားတပ်ဦးနဲ့သာ သက်ဆိုင်တာမဟုတ်၊ ချင်းတမျိုးသားလုံးနဲ့ သက်ဆိုင်နေတော့၊ မြေပေါ်မြေအောက် ချင်းလူတန်းစားအလွှာပေါင်းစုံပါဝင်သင့်တဲ့အရေးကိစ္စပါ။ ကျွန်တော်အကြံပြုလိုတာကတော့ တပ်ဦးအနေနဲ့ ပြည်နယ်အစိုးရကို ဓလေ့ထုံးတမ်းဥပဒေအား ဥပေက္ခါမပြုမိဖို့နဲ့၊ ရှိရင်းစွဲဓလေ့ထုံးတမ်းစဉ်လာဥပဒေ အား ပြန်လည်ပြင်ဆင်ရေး ကော်မီတီဖွဲ့စည်းဖို့၊ လိုအပ်တဲ့အကောင်အထည်ဖော်ဆောင်ရွက်မှု ပြုလုပ်ဖို့ရာ တိုက်တွန်းနှိုးဆော်သင့်တယ်လို့ ထင်မြင်ယူဆပါတယ်။ 

အခုတွေ့ရတဲ့ မူကြမ်းဟာ တဖက်နိုင်ငံက ပုံတူကူးလိုက်ရသလိုများ ဖြစ်နေမလားလို့ တွေးမိတယ်။ အမှန်ဆိုရင် ရိုးရာဓလေ့ထုံးတမ်းစဉ်လာမှာ ဒီဖက်ထက် ကျွန်တော်တို့ဖက်မှာ ရှေ့တလှမ်းဦးသွားနှင့်ပြီးလည်း ဖြစ်တဲ့အတွက် နဂို ရှိရင်းစွဲ ဥပဒေကိုပဲ ပြန်လည်စီစစ်ပြီး ဖြည့်သင့်ဖြည့်၊ ဖြုတ်သင့်ဖြုတ် ပြုပြင်သွားတားက ပိုခရီးတွင်မယ်လို့ ယူဆမိပါ တယ်။ ပိုပြီးတော့လည်း ကိုယ့်ဓလေ့ထုံးတမ်းကို တန်ဖိုးထားထိန်းသိမ်းရာရောက်မှာပါ။ ဒီဖက်က အာသံပြည်နယ်ရဲ့ သီးခြား ခရိုင်အဆင့်လောက် ရှိနေတုန်းမှာ ကျွန်တော်တို့ကတော့ ဝိသေသတိုင်း UT အဆင့်မှာ ရှိနေခဲ့ပြီပါပြီ။ ဒါကြောင့် ဝိသေသတိုင်းခေတ်က ပြုစုလာခဲ့တဲ့ ဥပဒေဟာ တရားဥပဒေအတွက် ကြိုတင်ပြင်ဆင်တဲ့အဆင့်မှာ ရှိနေ တယ်။ နောင်များမကြာတော့တဲ့ကာလမှာ ကိုယ်ပိုင်စီရင်ပိုင်ခွင့်တွေ ရလာရင်၊ ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေတွေကို ကျော်လွှားပြီး၊ အဆင့်မြင့်တရားရေးအာဏာနဲ့ နေလာကြတော့မှာပါ၊ ဒါကြောင့် တပ်ဦးအနေနဲ့ ဒါကိုပဲ ဦးတည်သွား သင့်တယ်လို့ ဆိုလိုတာပါ။  

ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရနေပြီးမှ ရှေးက ဘိုးဘွားများ ကျင့်သုံးလာခဲ့တဲ့ မိရိုးဖလာဓလေ့ထုံးတမ်းစဉ်လာဥပဒေမှာပဲ တဝဲဝဲလည် လေ့လာနေတာလဲ သဘာဝမကျလှပါဘူး။ ဒီမိုကရေစီနိုင်ငံ အလေ့အထအတိုင်း အာဏာ ၃ ရပ်ကို ပြည်နယ်တွေက ပိုင်ဆိုင်လာတဲ့အခါမှာ တရားရေးဌာနက ဓလေ့ထုံးတမ်းစဉ်လာဥပဒေကိုပဲ ဆက်လက်ကျင့်သုံးနေ မယ်ဆိုရင် အံဝင်ဂွင်ကျမှာမဟုတ်တော့လို့ပါ၊ ခေတ်နောက်ပြန်ဆွဲရာလည်း ကျမယ်။ 

ဥပမာ။    ။ မီဇိုးရမ်းဟာ ပြည်နယ်အဖြစ် ရပ်တည်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီ၊ ဒါပေမဲ့ ဓလေ့ထုံးတမ်း တည်းဆိုတဲ့ မိရိုးဖလာရိုးရာဓလေ့ကနေ မခုန်ထွက်နိုင်ဘဲ တဝဲလည်လည်ဖြစ်နေရသေးတာကို တွေ့ရပါတယ်။ အန်အီး ပဲရီး (N.E Perry) ခေါ် လူရှေတောင်တန်းဝန်ရဲ့ (A Monograph on Lushai Customs and Cere-monies- 1928) ကိုမှီးပြီး၊ နှစ်ကာလအတန်ကြာအတွင်း အကြိမ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ဟာ ဖြစ်တယ်။ ဒါနဲ့တောင် ကျစ်လစ်မှု မရှိနိုင်သေးပါဘူး။ အခုနောက်ဆုံး ပေါ်လာတဲ့ Mizo Hnam Dan/ Customary Law of Mizos မှာပါတဲ့ အမွေဆက်ခံပိုင်ခွင့်များဟာ နောင်ရေးပြဿနာကို ဥချပေးနေသလို အများသူ ငါက ထင်မြင်နေကြတယ်။ ဖြစ်ပေါ်လာ နိုင်တဲ့ မှုခင် (အထူးသဖြင့် အမွေမှုဟာ ပိုမိုရှုပ်ထွေးပွေးလီလာနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ အများသူငါက သုံးသပ်နေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျစ်လစ်တိကျမှု မရှိ၊ လျော့ရဲရဲဖြစ် နေလို့ပါပဲ။ သူတို့မှာ ဥပဒေ ဘွဲ့ရရေး၊ တရားဌာနမှာ အလုပ်ရရေး၊ အမှုလိုက်ရှေ့နေဖြစ်ရေး၊ လွှတ်တော်ရှေ့နေ၊ လွှတ်တော်တရားကြီးစတဲ့ တရား ရေးဌာနမှာ အလုပ်အကိုင်ရရေးကိုပဲ အာရုံစိုက်ပြီး၊ တရားဥပဒေအရ ချင်းလူမှုအဆင့်အတန်း မြှင့်တင်ရေးကို ဦးစား ပေးနေကြလို့၊ အိမ်နီးချင်းပြည်နယ်နဲ့ ရင်ဘောင်တန်း မလိုက်နိုင်ကြတာပါ။ 

ဥပဒေကိုပြုစုမယ်ဆိုရင် အကျိုးအမြတ်တခုတည်းကို မကြည့်ဘဲ နောက်ဆွယ်က ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကိုပါ ထည့်တွက်စဉ်းစားရမှာဖြစ်တယ်။ ဥပဒေကို ပြဌာန်းပြီးဆိုရင်၊ ပြစ်ဒဏ်လည်း ပါနေရမှာဖြစ်တယ်။ ဥပမာ- စေ့စပ် ကြောင်းလမ်းရေးမှာ အကျုံးဝင်တဲ့တန်ဖိုးနဲက ပြစ်ဒဏ်အတွက်ချမှတ်တဲ့ တန်ဖိုးဟာ ထပ်တူမဖြစ်စေရပါဘူး။ သတို့ သမီးရဲ့ အသွင်းဖိုးကို နွားနောက်နဲ့တွက်ချက်မယ်ဆိုပါစို့ နွားမပျိုရဲ့တန်ဖိုးကို ၂၀ ကျပ်နှုန်းနဲ့ ၆ ကောင် – ၇ ကောင် အထိ တောင်းနိုင်တယ်။ ၁၂၀-၁၄၀ ကျသင့်နေတယ်။ ဒါက နှစ်ဦးနှစ်ဖက်အဆင်ပြေချောမောစေဖို့အတွက်ပါ။ ပြစ်ဒဏ်အတွက်ကျတော့ ဒီနှုန်းအတိုင်း သွားလို့မရတော့ဘူး၊ ကာလဈေးကွက်တန်ဖိုးနဲ့ ကျခံစေရမယ်။ ဒါမှလည်း ဥပဒေဟာ အသက်ဝင်လာတော့မှာကိုး၊ ဒါကို မီဇိုးရမ်းကလူတွေ အခုထိ သဘောမပေါက်နိုင်ကြသေးပါဘူး။ 

 ဥပမာတခုပေးပါမယ်၊ ပလက်ဝနယ်က ချောင်းသားခေါ် ရခိုင်တွေက မင်္ဂလာကြေးကို ရွှေ ၁ိ-၃၅ ကျပ်နှုန်းနဲ့ ပေးနေကြ ဆဲဖြစ်တယ်။ ဒါက ဓလေ့ထုံးစံအရဖြစ်တယ်၊ ပြစ်ဒဏ်ကျတော့ ရွှေ ၁ိ-ကို ကာလတန်ဖိုးနဲ့ သတ်မှတ်တဲ့အခါကျတော့ လူတွေက အဲ့ဒီပြစ်ဒဏ်ကိုကြောက်လာကြတယ်။ မင်္ဂလာကြေးနှင့် တရားရေးဒဏ်ကြေးဟာ ပစ္စည်းအတူတူ၊ အရေ အတွက်အတူတူ ဖြစ်လျက်၊ စံနှုန်းက ကွဲပြားခြားနားနေတယ်။ ဒီနည်းကို သေချာလေ့လာပြီး ချင်းဓလေ့ထုံးစံကိုလည်း ပြင်ဆင်မချမှတ်သင့်တော့ဘူးလားလို့ ဆိုလိုတာပါ။ 

နောက်တခု ရှိသေးတယ်၊ ချင်းဓလေ့ထုံးတမ်းစဉ်လာဥပဒေကို လူမျိုးခြားတွေနဲ့ တိုက်ရိုက်မပတ်သက်စေဖို့ ဖြစ်တယ်။ ဥပမာ – လူမျိုးခြား အမျိုးသားတယောက်က ချင်းအမျိုးသမီးတယောက်အား တောင်းရမ်းလာတယ် ဆိုပါစို့။ ကျသင့် တဲ့အတွင်းဖိုး မင်္ဂလာကြေးကို ချင်းအချင်းချင်းကြားက နားလည်မှုနှုန်းနဲ့ မတွက်ချက်တော့ဘဲနဲ့ နွားဆိုနွား၊ အိုးဆိုအိုး စသဖြင့် ကာလတန်ဖိုးနှုန်းအတိုင်း တွက်ချက်ပေးဆောင်စေရမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသမီးအား ကာယိနြေ္ဒထိပါးမှု ကြောင့်၊ လူမျိုးခြား အမျိုးသားအား ပြစ်ဒဏ်ပေးရင်လည်း အကြီးလေးဆုံးနည်းနဲ့ ပြစ်ဒဏ်ချမှတ်ရမှာဖြစ်တယ်။ ကာလတန်ဖိုးထက် ကြီးလေးလွန်းလို့တော့ မသင့်တော်ပါဘူး။ လူ့အဖွဲ့အစည်းတိုင်းလိုလိုမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး အမျိုးကို ထိန်းသိမ်းကြတယ်။ ဒါကြောင့် ချင်းအမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းလိုတယ် ဆိုရင် လူမျိုးခြားတွေနဲ့ မညားရအောင် ကာကွယ်ထားမှဖြစ်မယ်။

ဘယ်လို ကာကွယ်မလဲ။ အထက်က တင်ပြခဲ့သလို အတွင်းဖိုးကို တောင်းရမယ်ပေါ့။ ဥပမာ- နွားမနဲ့ ပေးမယ်ဆိုရင်၊ တကယ့်နွားမပဲဖြစ်ဖြစ်၊ နွားမရဲ့ကာလတန်ဖိုးနဲ့ဖြစ်ဖြစ် သူတို့သားဖက်က ပေးရမယ်။ နွားမပျိုနဲ့ ပေးတယ်ဆိုရင် အများဆုံး ၇ ကောင် သို့မဟုတ် ၄င်းနွားမပျို ၇ ကောင်နဲ့ ညီမျှတဲ့ငွေကြေးကို ပေးဆောင်ရမှာဆိုတော့၊ ဘယ်လူမျိုး ခြားကမှ ချင်းအမျိုးကညှာတွေကို ကပ်ရဲမှာမဟုတ်ပါဘူး။ စာဖတ်သူသတိပြုရမယ့်အချက်က အထက်မှာ ရေးခဲ့သလို ချင်းအချင်းချင်းကြားနဲ့ မရောနှောမိဖို့နဲ့ ခွဲခြားသိတတ်ဖို့လိုတယ်။ ချင်းအမျိုးသားနဲ့ အမျိုးသမီးအကြားမှာတော့ နှစ်ဦးနှစ်ဖက်က အဆင်ပြေချောမောရေးကို အဓိက ဦးစားပေးရမှာဖြစ်တယ်။ ချင်းမလေးကို လူမျိုးခြားက ချင်းအမျိုး သားပေးသလောက် ပေးစားရင်တောင်၊ ၄င်းလူမျိုးခြားက နားလည်သဘောပေါက်မှာမဟုတ်ပါဘူး။ သာဓကပြမယ်။ ပလက်ဝနယ်မှာ ရခိုင်ကျောင်းဆရာတစ်ယောက်က ချင်းအမျိုးသမီးတစ်ယောက်ကို ယူတယ်။ လင်နဲ့မယားဆိုတာ လျှာနဲ့သွားဆိုသလို လင်မယားချင်း စကားများရန်ဖြစ်တိုင်း၊ လင်က “နင့်ကို ငါက ငွေတစ်သောင်းနဲ့ဝယ်တာ၊ နင်ဘာမှပြောပိုင်ခွင့်မရှိဘူး၊ ကျွဲလိုနွားလို ငါခိုင်းလို့ရတယ်” တဲ့။ 

နောက်ဥပမာရှိသေးတယ်။ ရခိုင်ကျောင်းဆရာပါပဲ သူလည်း ချင်းမလေးကို ယူချင်နေတယ်။ ဒါပေမဲ့ အတွင်းဖိုးက အနည်းဆုံး ကျပ်ငွေ ၅ သောင်း ပေးရမှာမို့ အဲ့ဒီ ကျောင်းဆရာရဲ့ မိဘတွေက သဘောမတူနိုင်လို့ မယူဖြစ်ဘူး။ ဒီ ဥပမာနှစ်ပုဒ်မှာ ဘယ်သူက မိမိတို့ ဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းစောင့်ရှောက်သလဲဆိုတာ ထင်ရှားပါပြီး။ 

ကဲ .. ချင်းဝိသေသတိုင်းအက်ဥပဒေပုဒ်မ ၁၅ (က) မှာ အမွေဆက်ခံခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေကို ပြဌာန်းခဲ့ ကြောင်း (Act No XLIX Sec. 15 (Kagyi) of 1948) အရ တွေ့ရှိရတယ်။ ဒါကို ၁၆-၁၀-၁၉၅၇ မှာ (Act No 50 of 1957) အရ ပြန်လည်ပြင်ဆင်ခဲ့တယ်။ ၄င်းပြင်ဆင်ချက်ကို မူရင်းအတိုင်း တင်ပြသွားပါမယ်။ 

APPENDICES-II

(See Page 61, 75 and 76)

(Succession Order, Classification and Division of Property enacted vide Act No. 50 of 1957 as Schedule to S. 15-Kagyee of the Chin Special Division Act, 1948 (Act No. XLIX of 1948)

ပုဒ်မ ၁၅ (က) ၌ (ဤဇယားတွင် ချင်းမျိုးနွယ်မှ ဆင်းသက်လာသည့် ချင်းအမျိုးသားများမဟုတ်သော သူများ၏ ပစ္စည်း နှင့် မသက်ဆိုင်စေရ)။

ချင်းအမျိုးသားတစ်ဦး၏ ပစ္စည်းကို အမွေဆက်ခံခြင်းဆိုင်ရာ ထုံတမ်းစဉ်လာဥပဒေအား အောက်ပါပြဌာန်းချက်များ အတိုင်း ပြုပြင်ထားသည်။ 

၁။ သေဆုံးသူ၏ ပစ္စည်းထဲမှ သေဆုံးသူ၏ အသုဘစရိတ်စခကို နှုတ်ယူပြီးနောက်၊ ကျန်ရှိသော ပစ္စည်းထဲမှ သေဆုံး သူ၏ ကြွေးမြီအားလုံးကို၎င်း၊ ပစ္စည်းအပေါ်၌ တင်ရှိသော အခြားတရားဝင်ကြွေးမြီ တာဝန်အားလုံးကို၎င်း၊ နှုတ်ယူပိုင် ခွင့်ရှိစေရမည်။ 

၂။ သေဆုံးသူ၏ ပစ္စည်းကို (က) ဘေးဘိုးစဉ်ဆက် ပိုင်ပစ္စည်းဟူ၍၄င်း၊ (ခ) သာမန် ပစ္စည်းဟူ၍၄င်း ခွဲခြားထားရမည်။ 

(က) ဘေးဘိုးစဉ်ဆက်ပိုင်ပစ္စည်း (အမွေခံပစ္စည်း) ဆိုသည့် စကားရပ်တွင်  

၁။ အိမ်နှင့် သာမန်အားဖြင့် ပူးတွဲချက်ရှိသည့် ပစ္စည်းများနှင့် အိမ်ပိုင်းအတွင်း ဆောက်လုပ်ထားသော အခြား အဆောက်အဦးများပါဝင်သည်။ သေဆုံးသူ ပိုင်ဆိုင်သော မိသားစုအိမ် (သေဆုံးသူ၏ အိမ်တစ်ဆောင်ထက်ပို၍ ရှိခဲ့ လျှင် အိမ်တစ်ဆောင်ကိုသာလျှင်) “မိသားစုအိမ်” ဟု အသိအမှတ်ပြုရမည်။ သို့သော်လည်း သေဆုံးသူ၌ မယား တစ်ယောက်ထက်ပို၍ ထိမ်းမြားလက်ထပ်ယူထားခဲ့သဖြင့် သေဆုံးသူပိုင်သော သီးခြားအိမ်များတွင် မယား တစ်ယောက်စီ နေထိုင်ကြလျှင် ထိုအိမ်အသီးသီးသည် “မိသားစုအိမ်များ” ဖြစ်ကြရမည်။ 

၂။ သေဆုံးသူက မိမိ၏အဘထံမှသော်၎င်း၊ အခြားဆွေမျိုးများထံမှသော်၎င်း၊ အမွေဆက်ခံရရှိသည့် မရွှေ့မပြောင်း နိုင်သော ရှေးဟောင်ပစ္စည်း၊ ထိုအပြင်

၃။ ထုံးတမ်းစဉ်လာဥပဒေအရ ဘိုးဘေးစဉ်ဆက် ပိုင်ပစ္စည်းများအဖြစ် ပါဝင်သော သေနတ်များ၊ ထိုသေနတ်များ နှင့် ပူးတွဲပါရှိသော ပစ္စည်းများ၊ မိရိုးဖလာအဝတ်အစား၊ လက်ဝတ်လက်စား အစရှိသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ပါဝင်သည်။  

(ခ) အထက်ပါ ပစ္စည်းများမှတပါး သေဆုံးသူ၏ ကျန်ရှိသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့်၊ မရွေ့ပြောင်းနိုင် သည့် ပစ္စည်းများအားလုံးသည် သာမန်ပစ္စည်းများဖြစ်ရမည်။ 

ရှင်းလင်းချက်

(က) လင်နှင့်မယား အတူတကွကြိုးပမ်း၍ရရှိသော ပစ္စည်းကို လင်သေဆုံးသောအခါ၌ သေဆုံးသူ၏ သာမန် ပစ္စည်း တွင် ထည့်သွင်းရမည်။ 

(ခ) လင်နှင့်မယား အတူတကွ ကြိုးပမ်း၍ ရရှိသောပစ္စည်းသည် မယားသေဆုံးသောအခါ၌ လင်ပစ္စည်းဖြစ်ရမည်။

၃။(၁) သေဆုံးသူ၏ ဘေးဘိုးစဉ်ဆက်ပိုင်ပစ္စည်းကို အမွေဆက်ခံနိုင်ခွင့်ရှိသူများသည် အောက်ပါအစီအစဉ်အတိုင်း ဖြစ်စေရမည်။ 

(က) သက်ဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေအရ အဆိုပါပစ္စည်း၏ အမွေခံဖြစ်သော သေဆုံးသူ၏ သား၊ မြေး၊ မြစ် ယောက်ျားအစရှိသည့် တိုက်ရိုက်ဆင်းသက်သူ၊ ထိုသူမရှိလျှင်

(ခ) သေဆုံးသူ၏ အဘ၊ ထိုသေဆုံးသူ၏ အဘမရှိလျှင်

(ဂ) သက်ဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေအရ အဆိုပါပစ္စည်း၏ အမွေခံဖြစ်သော သေဆုံးသူ၏ အဘမှာ တိုက်ရိုက် ဆင်းသက်သူ (ညီအစ်ကို) ယောကျာ်း၊ ထိုယောကျာ်းမရှိလျှင်

(ဃ) သက်ဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေအရ အဆိုပါပစ္စည်း၏ အမွေခံဖြစ်သော ဘိုးအေ (အဘိုး)၊ (သို့တည်း မဟုတ်) ထို ဘိုးအေမှ တိုက်ရိုက်ဆင်းသက်သူ ယောကျာ်း ထိုယောကျာ်းမရှိလျှင်

(င) သေဆုံးသူ၏ အသက်ရှင်လျက်ရှိသော အကြီးဆုံးဖြစ်သည့် သမီး၊ ထိုအကြီးဆုံးသမီးမရှိလျှင်

(စ) သေဆုံးသူမှ တိုက်ရိုက်ဆင်းသက်သူ ယောကျာ်းတစ်ဦးဦး၏ အသက်ရှင်လျက်ရှိသည့်အကြီးဆုံးဖြစ်သည့် သမီး၊ ထိုအကြီးဆုံးဖြစ်သည့် သမီးမရှိလျှင်

(ဆ) သေဆုံးသူ၏ အသက်ရှင်လျက်ရှိသော အကြီးဆုံးဖြစ်သည့် အစ်မ၊ နှမ၊ ထိုအကြီးဆုံးဖြစ်သည့် အစ်မ၊ နှမ မရှိလျှင်

(ဇ) သေဆုံးသူ၏ အမိ

၂။ သေဆုံးသူတွင် အပိုဒ်ခွဲ (ခ) တွင် ဖော်ပြထားသည့် ဆွေမျိုး တစ်ဦးတစ်ယောက်မျှမရှိလျှင်၊ ဘေးဘိုးစဉ်ဆက်ပိုင် ပစ္စည်း (အမွေ) ကို သေဆုံးသူ၏ သာမန်ပစ္စည်းတွင် ထည့်သွင်းရမည်။

 ရှင်းလင်းချက် (၁) ။ သေဆုံးသူ၏ ကျန်ရစ်သောဇနီး (မုဆိုးမ) သည် နဂိုအတိုင်း မိသားစုအိမ်တွင် အခလွတ်နေထိုင် ခွင့်ရှိစေရမည်။ သို့သော် နောက်အိမ်ထောင်ဆက်ပြုလျှင်ဖြစ်စေ၊ မတရားနည်းဖြင့် ပဋိသန္ဓေရရှိကြောင်း ထင်ရှားနေ လျှင်ဖြစ်စေ၊ ဆက်လက်နေထိုင်ခွင့် မရှိစေရ။ (သေဆုံးသူ၌ မုဆိုးမ တစ်ယောက်ထက်ပို၍ ကျန်ရစ်လျှင် မုဆိုးမတိုင်း သည် အဆိုပါ စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ အခလွတ်နေထိုင်ခွင့် ရှိစေရမည်။  

ရှင်းလင်းချက် (၂) ။  ဤစာပိုဒ်ပါ “တိုက်ရိုက်ဆင်းသက်သူ ယောကျာ်း” ဆိုသည်မှာ သား၊ သားမှ ဆင်းသက်သော မြေးယောကျာ်းအစရှိသော ယောကျာ်းအဆက်အနွယ်မှ ဆင်းသက်သောယောကျာ်းကို ဆိုလိုသည်။ ထိုစကားရပ်တွင် မိန်းမမှ ဆင်းသက်သောသားများ မပါဝင်ချေ။  

ရှင်းလင်းချက် (၃) ။  ဒေသတစ်ခု၏ ထုံးတမ်းစဉ်လာဥပဒေတွင် မည်သို့ပင် ရှိစေကာမူ သားသမီးအားလုံးမှာ အမွေ ဆက်ခံပိုင်ခွင့် ရှိစေရမည်။ 

ရှင်းလင်းချက် (၄) ။ ဤဇယားပါ ပြဌာန်းချက်များ၏ “သားသမီး” ဆိုသည့် စကားရပ်တွင် ဒေသတခု၏ ထုံးတမ်းစဉ်လာ ဥပဒေအရ အမွေခံအမွေစားအဖြစ် မွေးစားထားသော သားသမီးများ ပါဝင်သည်။ 

၎။ သေဆုံးသူ၏ သာမန်ပစ္စည်းကို သေဆုံးသူ၏ မုဆိုးမ (သို့တည်းမဟုတ်) မုဆိုးဖိုနှင့် အခြားဆွေမျိုးမျးက အောက်ပါ အတိုင်း ခွဲဝေရမည်။ 

(က) သေဆုံးသူ၌ သားသမီးများ ကျန်ရစ်ခဲ့လျှင် သားတစ်ယောက်သည် သမီးတစ်ယောက်၏ ဝေစုထက် နှစ်ဆ ပိုရ စေ၍၄င်း၊ သမီးတစ်ယောက်သည် ကျန်ရစ်သူမုဆိုးမ (သို့တည်းမဟုတ်) မုဆိုးဖို ရသင့်ရထိုက်သည့် ဝေစု၏ နှစ်ဆကို ရစေ၍၄င်း၊ အမွေပစ္စည်းကို ခွဲဝေယူရမည်။  

ခြွင်းချက် ။ သို့ရာတွင် သေဆုံးသူ၏ သားသမီးတစ်ဦးဦးသည် သေဆုံးသူ သက်ရှိထင်ရှားရှိစဉ်၌ သေဆုံးခဲ့ပြီး၊ ၄င်း၌ တိုက်ရိုက်ဆင်းသက်သည့် သားသမီးတစ်ဦးဦး ကျန်ရှိနေပါက ရသင့်ရထိုက်သည့် ဝေစုကို သားတစ်ယောက်သည် သမီးတစ်ယောက် ရသင့်ရထိုက်သည့် ဝေစု၏ နှစ်ဆရစေရမည်။ 

(ခ) သေဆုံးသူ၌ တိုက်ရိုက်ဆင်းသက်သူ သားသမီး မကျန်ရစ်ခဲ့လျှင် သာမန် အမွေပစ္စည်းများကို အောက်ပါအတိုင်း ခွဲဝေရမည်။ 

(၁) မိဘနှစ်ပါးလုံး အသက်ရှင်လျက် ရှိသေးပါက အဘနှင့်အမိသည်သော်၎င်း၊ တစ်ဦးဦးသေဆုံးပါက၊ အဘ (သို့မဟုတ်) အမိသည် အမွေပစ္စည်းတစ်ဝက်ရယူစေ၍ သေဆုံးသူ၏ ကျန်ရစ်သူခင်ပွန်း/ဇနီး မုဆိုးမ (သို့မဟုတ်) မုဆိုးဖိုသည် အမွေပစ္စည်၏ ကျန်တစ်ဝက်ကို ရရှိစေရမည်။ သို့ရာတွင် သေဆုံးသူ၏ မိဘနှစ်ပါးလုံး အသက်ရှင်လျက် ရှိပါက အဘသည် အမိရသင့်ရထိုက်သည့် အစု၏ နှစ်ဆရရှိစေရမည်။ ထို့အပြင် အမိတွင် သေဆုံးသူ၏ အဘ (သို့မဟုတ်) နောက်အိမ်ထောင်ဆက်မှ လင်ယောကျာ်း အသက်ရှင်လျက်ရှိနေပါက သေဆုံးသူ၏ အမွေ ပစ္စည်း အပေါ် မည်သည့်ရပိုင်ခွင့်မျှ မရှိစေရ။

ရှင်းလင်းချက် ။ “အဘ” (သို့တည်းမဟုတ်) “အမိ” ဆိုသည်မှာ၊ သေဆုံးသူ၏ မိဘရင်းများကိုသာ ဆိုလိုသည်။ မိထွေး နှင့် ဘထွေးများ မပါဝင်ချေ။

(၂) အထက်ပါ ပြဌာန်းချက်များအရ ဇနီးမယား သေဆုံးသည့်အခါ၌ ခွဲဝေပေးရမည့် အမွေပစ္စည်းသည် ၄င်းဇနီးမယား ပိုင် သီးခြားပစ္စည်းများသာ ဖြစ်ရမည်။ 

(၅) အထက်ပါအပိုဒ်များတွင် မည်သို့ပင် ပါရှိစေကာမူ အောက်ပါပုဂ္ဂိုလ်များသည် သေဆုံးသူ၏ အမွေပစ္စည်းကို ပိုင်ဆိုင်ခွင့် (ဝါ) ထိုပစ္စည်းတွင် အစိုးရပိုင်ခွင့် မရှိစေရ။ 

(က) သေဆုံးသူ အသက်ထင်ရှားရှိစဉ်က ထုံးတမ်းစဉ်လာဥပဒေအရ အမွေခန်းဖြတ်ခြင်းခံရသူ (သို့တည်းမဟုတ်)

(ခ) သေဆုံးသူအား သတ်သူ (သို့တည်းမဟုတ်) သေဆုံးသူအား သတ်ရာတွင် အားပေးကူညီသူ

(၆) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act) နှင့် မဆန့်ကျင်စေဘဲ ၁၉၅၇ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ (ပြင်ဆင်ချက်) စတင်အာဏာတည်သည့် နေ့ရက် (၁၆-၁၀-၅၇) တွင် မဆုံးဖြတ်ရသေးသောအမှုများကို ဤဇယားတွင်ပါရှိသော ပြဌာန်းချက်များအညီ စီရင်ဆုံးဖြတ်ရမည်။ 

Source: The Chin Customary Law of Inheritance and Succession As Practiced Among the Chins of Haka Area-by Pu Lian Uk-B.A. (Law). Submitted in Partial Fulfillment of the Requirements for the Degree of LI. B-1968 (Daptt. Of Law). Arts and Science University, Rangoon. 

ကျွန်တော် ၁၉၅၇ ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေ (ပြင်ဆင်ချက်) အား တင်ပြခြင်းဟာ ကနေ့လူငယ်များ မသိမီ လိုက်တဲ့ကာလမှာ ချင်းဓလေ့ထုံးတမ်းစဉ်လာဥပဒေကို ရေးဆွဲပြဌာန်းပြီဖြစ်ကာ ၄င်းကို စုံစမ်းရှာဖွေပြီး မှီငြမ်းပြုစုရင် ပိုမိုပြည့်စုံလေမလေးဆိုတဲ့ စေတနာနဲ့ မီးမောင်းထိုးပြလိုတာသာ ဖြစ်ပါတယ်။ ကျွန်တော် လက်လှမ်းမီတဲ့ အမွေ ဆက်ခံခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေနဲ့ ၄င်းဥပဒေပြင်ဆင်ချက်ကနေ အစကောက်ပြီး ကျန်အခန်းကဏ္ဍာများကို ပါ ဖြည့်စွက်နိုင်သွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

Share.

About Author

Leave A Reply

*

code