“ရိဒ်’’ ရေကန် ထိန်းသိမ်းကာကွယ်ရေး အလေးထားဆောင်ရွက် ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားခဲ့ဟု ဒုသမ္မတပြော

0

by (ဟွာလ်ငိုသား)  – ချင်းပြည်နယ်၏ အမှတ်သင်္ကေတ တစ်ခုဖြစ်သော အသည်းနှလုံးပုံ “ ရိဒ်’’ ရေကန်အား ထိန်းသိမ်း ကာကွယ်ရန်နှင့် ဖွံဖြိုးတိုးတက်လာရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အော င်ဆန်းစုကြည်က မှာကြားခဲ့သည်ဟု ၂ ညအိမ်ခရီးစဉ်ဖြင့် ချင်းပြည်နယ်သို့ ရောက်ရှိလာသော နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူကပြောသည်။

ဒုသမ္မတနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်နေ့က “ ရိဒ်” ရေကန်သို့ သွားရောက်ပြီး ဒေသတွင်း အစိုးရတာဝန်ရှိ သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရိဒ် ရေကန်ကို သွားရောက်ဖို့ ကျနော်ကိုပြောပါတယ်၊ ထိန်းသိမ်းကာကွယ်တဲ့အပိုင်းမှာလည်း ကျနော့ကို တာဝန်ပေးထားပါတယ်’’ ဟု ဒုသမ္မတက ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ရဲအောင်မှ ရိဒ်ရေကန်ပတ်ဝန်းကျင်ရှိ သစ်တောမြေအနေအထားများ၊ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးစီမံကိန်းများ ရှင်းလင်းချပြပြီးနောက် ဒုသမ္မတက ရိဒ်ရေကန်အား သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးတို့က အလေးထားလုပ်ဆောင်ရန် မှာကြားခဲ့သည်။

ထို့အပြင် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ ရိဒ်ရေကန်သည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စွဲဆောင်နိုင်သော ခရီးသွားလုပ်ငန်းဒေသအဖြစ်အလေးထားဆောင်ရွက်ကြရန် ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားခဲ့သည်။

ယခုလက်ရှိတွင် ရိဒ် ရေကန်သည် ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဌာနလက်အောက်ရှိ သစ်တောကြိုးဝိုင်းပိုင် နက်အတွင်းတည်ရှိသော်လည်း ရိဒ်ရေကန် နဘေးတွင်ရှိသော တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များကိုမူ ရိဒ်အခြေစိုက် တပ်မတော်တပ်ဖွဲ့လက်အောက်တွင် ရှိနေသည်ဟု ရိဒ်​မြို့ ပြန်​ကြား​ရေးနှင့်​ ပြည်​သူ့ဆက်​ဆံရေးဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရိဒ်မြို့NLD ဥက္ကဌ Pu Zadawla က “ဒီတည်းခိုရိပ်သာနဲ့ စားသောက်ဆိုင်ကိစ္စကို ဒုသမ္မတ လာတုန်းက ဆွေးနွေးဖြစ်ကြတယ်လို့သိရတယ်၊ စစ်တပ်ကတာဝန်ရှိသူတွေက ချင်းပြည်နယ်အစိုးရ ထံကို စာရွက်စာတမ်း တွေနဲ့ တရားဝင်ပြန်လွှဲပေးမယ်လို့သိရပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးပြီဆိုပါက အကျိုးအမြတ်ခံစားခွင့်လည်း ပြည်နယ်အစိုးရ မှရရှိလာတော့မည် ဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် ရိဒ်ရေကန်ဖွံ့ဖြိုးတိုးတက် လာရေး အတွက်လည်း အသုံးပြုနိုင် မည်ဖြစ်သည်ဟု သူကဆက်ပြောသည်။

Share.

About Author

Leave A Reply

*

code