ဆိုင်းငံ့ခံရသည့် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုရန် CNDP တောင်းဆို

0

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုင်းငံ့ခံထားရသည့် ချင်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးကျင်းပခွင့်ပြုရန် ချင်းအမျိုးသားဒီမိုကရက်တစ်( CNDP) ပါတီက ယနေ့တောင်းဆိုလိုက်သည်။

ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ဆိုင်းငံ့ခံရမှုသည် ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများနှင့် ချင်းအရပ်ဘက်လူ့အဖွဲ့အစည်းများ အဆင့်သင့်မဖြစ်ခြင်းကြောင့်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရဘက်မှ လိုလားမှုမရှိ၍ ခွင့်မပြုခြင်း သာဖြစ်ပြီး NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး ခွင့်ပြုပေးရန် အလေးအနက်တောင်းဆို သည်ဟု ဖေဖော်ဝါရ ၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော CNDP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးဖို့အတွက် CNF ၊ ချင်းပါတီ နဲ့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့ တဲ့နှစ် နိုဝင်ဘာလက တည်းကတော်တော်လေးကို ကျနော်တို့ပြင်ဆင်ဆောင်ရွက်ပြီးပြီ၊ ဘဏ္ဍာငွေ ရှာဖွေရေး ကအစ အဆင်သင့်ဖြစ်နေပြီ၊ ဒီလိုဟာမျိုးအကြောင်းပြတဲ့ဟာတွေ အစိုးရဘက်ကနေ သော်လည်း ကောင်း၊ UPDJC ဘက်ကနေ သော်လည်းကောင်း အကြောင်းပြတဲ့ဟာတွေက လုံးဝအကြောင်းပြ ချက် သက်သက် သာဖြစ်တယ်၊ ကျနော်တို့အဆင်သင့်ဖြစ်နေ ပါတယ်၊ ဒါကြောင့်အမြန်ဆုံးကျင်းပခွင့်ပြုဖို့ လေးလေး နက်နက်တောင်းဆိုတာဖြစ်တယ်’’ ဟု CNDP အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်း ကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော ပြည်ထောင်  စုငြိမ်းချမ်း ရေး ဆွေးနွေးမှုပူး တွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ယင်းညီလာခံ မတိုင်ခင် ကြားကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲကို ချင်းနှင့် ရခိုင်ပြည်နယ်တွင် မလုပ်ရန်ဆုံးဖြတ်ခဲ့ကြ ခြင်းဖြစ်သည်။

ချင်းနှင့်ရခိုင်ကို ဆိုင်းငံ့ထားသော်လည်း ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ထိန်းချုပ်ရာနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့မှာမူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များကို ကျင်းပခွင့်ပြုခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သမ္မတရုံး ဒုတိယညွန်ကြားရေးမှူး ဦးဇော်ဌေးက “ သူတို့ကို အားလုံး ပိတ်ပင်နေတာမှမဟုတ်တာ ဒီ ၂၁ ပင်လုံ ဒုတိယပင်လုံ ဖေဖော်ဝါရီ ၂၈ လုပ်မယ့်ဟာပြီးသွားရင်လည်း နောက်ထပ်ညီလာခံလည်းရှိနေမှာဘဲ အခြေအနေရပေါ့နော် အဲဒီမှာ UPDJC အဖွဲ့ဝင် တွေ ၀ိုင်းပြီးတော့ ဆွေးနွေးကြတာ ဒီကြားကာလမှာ ပြီးစီးအောင်မြင်နိုင်မယ့်အခြေအနေပေါ့လေ၊ အဲလိုမျိုးအခြေအနေပေါ်မူ တည်ပြီးတော့ ၀ိုင်းပြီးတော့ဆုံးဖြတ်တာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ထို့အပြင် ဦးဇော်ဌေးက ချင်းအမျိုးသားတပ်ဦးသည် ချင်းအားလုံးကို ကိုယ်စားမပြုကြောင်း ဆက်ဆံရေးရုံး ဖွင့်လှစ် ဖို့တောင် ဒေသခံများ က လက်မခံကြောင်း ၊ ချင်းပြည်နယ်တွင် တောင်ပိုင်း မြောက်ပိုင်း ကွဲပြားနေ သည့် သဘော ရှိနေကြောင်း အခြားသော သတင်းမီဒီယာများတွင် ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “ သူတို့အကြောင်းပြတဲ့ဟာက လုံးဝမခိုင်လုံဘူး၊ ကျနော်တို့ကို မပြောသင့်တဲ့ စကားပေါ့ဗျာ၊ တိုင်းရင်းသားအချင်းချင်းကြားကို ကျနော်တို့ကို တန်းတူ ဆက်ဆံသလား၊ တချို့ကျခွင့်ပြုပြီးတော့ တချို့ကျ ခွင့်မပြုဘူး တကယ်တမ်းက ရှမ်းပြည်မှာထက် ချင်းပြည်မှာက လုံးခြုံရေးအရရော တည်ငြိမ်မှုရှိတာပဲလေ၊ တောင်ပိုင်းတွေ မြောက်ပိုင်းတွေ မညီဘူးဆိုတဲ့ ဟာက တကယ့်ကိုမပြောသင့်တဲ့စကားတွေပေါ့ဗျာ၊ မညီညွတ်ဘူးဆိုတဲ့ဟာကို ဘယ်အထောက်ထား ကိုအခြေခံပြီးပြောတာလဲ၊ သူကိုယ်တိုင်ကကော် ချင်းပြည်နယ်ကို လာဖူးသလား၊ အဝေးကနေ နေပြည်တော်မှာ ထိုင်ပြီး ချင်းတောင်ပိုင်း မြောက်ပိုင်းတွေကွဲတယ်ဆိုတဲ့ဟာက ကျနော်တို့ကို သွေးခွဲတာရောက် သလို ခွဲခြားဆက်ဆံရာလည်းရောက်တယ်၊ ကျနော်လုံးဝလက်မခံဘူး၊ သူ့ရဲ့ပြောဆိုချက်တွေ ကို သူကိုယ်တိုင် ၀န်ချတောင်းပန်ဖို့ကောင်းတယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ယခုကဲ့သို့ ချင်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်းငံ့ခံရခြင်းကြောင့် ချင်းအမျိုးသားတပ်ဦး CNF အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို တက်ရောက်မည် မတက်ရောက်မည် ကို ပြန်လည်စဉ်းစားရမည်ဟု (CNF) ကပြောဆိုထားသည်။

Share.

About Author

Leave A Reply

*

code